နေပြည်တော် ၂ ဧပြီ
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်သွယ်ထားသည့် ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွားကားလမ်း ဖောက်လုပ်လျက်ရှိသည့် ဆုထူးစံ ကုမ္ပဏီမှ ဝန်ထမ်း ၈ ဦးအား မတ် ၃၀ ရက်တွင် AA အဖွဲ့များက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အဆိုပါကုမ္ပဏီမှ ဝန်ထမ်းများသည် ပလက်ဝမြို့နယ်၊ တွင်းကင်းအလောင်းကျေးရွာ၌ အခြေပြု၍ လမ်းလုပ်ငန်းဆောင်ရွက်လျက်ရှိစဉ် မတ် ၃၀ ရက်က AA အဖွဲ့ ၁၇၀ ခန့် ရောက်ရှိလာပြီး ဦးလှမျိုးအောင် အပါ ၁၃ ဦး ကို ဖမ်းဆီး ချုပ်နှောင်ထားကာ လမ်းဖောက်လုပ်နေမှုအား နှောက်ယှက်ခဲ့ကြောင်း။
အဆိုပါ ဖမ်းဆီးခံရသူ ၁၃ ဦးအနက် ပလက်ဝမြို့နယ်၊ ယီးလာဝကျေးရွာနေ ဦးဝေဖြိုးနှင့် ၎င်း၏ဇနီး ဒေါ်နုချေ၊ မော်လမြိုင်မြို့နေ ဦးဖိုးကျော်နှင့် ၎င်း၏ဇနီး ဒေါ်မိုးမိုးမြင့်နှင့် မော်လမြိုင်မြို့နေ ဦးဇော်ဝင်းကိုတို့ ၅ ဦးမှာ ဧပြီ ၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပြန်လည်လွတ်မြောက်၍ ပလက်ဝမြို့သို့ ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းတို့အား မေးမြန်းချက်အရ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် AA အဖွဲ့များ ရောက်ရှိလာကာ ကုမ္ပဏီပိုင် ဟိုင်းလတ်အဖြူရောင် ကား ၁ စီး၊ မြေကော်စက် ၁ စီးနှင့် ဆိုင်ကယ် ၃ စီးတို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့အား ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း၊ ဧပြီ ၁ ရက်တွင် ၎င်းတို့ ၅ ဦးအား ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန် ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင်အဆိုပါလမ်းပိုင်းပေါ်တွင် ပလက်ဝတံတား စီမံကိန်းဆောင်ရွက် လျက်ရှိပြီး ၎င်းတံ တားစီမံကိန်းအတွက် အသုံးပြုရန် လိုအပ်သော ပစ္စည်းကိရိယာများ တင်ဆောင်လာသည့် သင်္ဘောအား မတ် ၁၆ ရက် နံနက်ပိုင်းတွင် AA အဖွဲ့က လက်နက်ငယ်များနှင့် ပစ်ခတ်၍ ရေယာဉ်ဝန်ထမ်းများအား ကမ်းပေါ်သို့ ခေါ်ဆောင်ကာ ရေယာဉ်ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း။
အလားတူ ပလက်ဝမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ကင်းတလင်းနှင့် ခမောင်းဝကျေးရွာတို့မှ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၃၈ ဦးအပါအဝင် ရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသား စုစုပေါင်း ၂၀၀ ခန့်အား AA အဖွဲ့က ဖေဖော်ဝါရီ ၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အဓမ္မလူသစ် စုဆောင်းဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
AA အဖွဲ့များသည် ဒေသတည်ငြိမ်မှု ပျက်ပြားစေရန် အရပ်ဘက်ပစ်မှတ်များအပေါ် အကြမ်းဖက် လုပ်ရပ်များဆောင်ရွက် ခြိမ်းခြောက်ကာ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လက်နက်အားကိုးဖြင့် အဖျက်အမှောင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ဒေသခံပြည်သူလူထုကိုလည်း ခြိမ်းခြောက်အကြပ်ကိုင် အဓမ္မလူသစ် စုဆောင်းလျက်ရှိကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


