မန္တလေး   အောက်တိုဘာ   ၅

မြန်မာ-ဘယ်လာရုစ် တေးဂီတပူးပေါင်းဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းက မန္တလေးမြို့  ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။

အဆိုပါဖျော်ဖြေပွဲသို့ မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်  ဇနီး၊   တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်    ဌာနဆိုင်ရာများ၊     မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌ  Mr.Alexander Ostrovskiy နှင့် တာဝန်ရှိသူများ၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊  ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များနှင့်  အနုပညာဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဖျော်ဖြေပွဲတွင် ဘယ်လာရုစ်တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr. Vladimir Sukolinsky  ဦးဆောင်၍ အဆိုရှင်များဖြစ်ကြသည့် Ms.Nadezhda Bryleva    နှင့်   Ms.   Anzhelika   Zaitseva   တို့က  ဘယ်လာရုစ်နိုင်ငံ၏ ရိုးရာတေးသီချင်းများ၊ ကာလပေါ်သီချင်းများနှင့် မြန်မာနိုင်ငံအကြောင်း ရေးဖွဲ့စပ်ဆိုထားသည့်  တေးသီချင်းများဖြင့်    ဦးစွာ သီဆိုဖျော်ဖြေကြသည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ အနုပညာရှင်များက  မြန်မာ့ယဉ်ကျေးမှု  အဆို၊  အကများဖြင့် သီဆိုဖျော်ဖြေကြသည်။      

အဆိုပါ ဘယ်လာရုစ်တေးဂီတအဖွဲ့သည် ယနေ့နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ မြန်မာ-ရုရှား   ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy နှင့် MRTV မှ တာဝန်ရှိသူများ ကြိုဆိုခဲ့ကြပြီး မြန်မာနိုင်ငံတွင် ရောက်ရှိစဉ် မန္တလေး၊ ပြင်ဦးလွင်၊ ရန်ကုန်နှင့် နေပြည်တော်တို့တွင် လှည့်လည်ဖျော်ဖြေကြမည်ဖြစ်ပြီး  နေပြည်တော်နှင့် ရန်ကုန်မြို့ တို့တွင်  မြန်မာ-ရုရှား-ဘယ်လာရုစ်   (၃) နိုင်ငံ  အဆို၊ အကများ ပူးပေါင်းဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံတို့သည် အစိုးရချင်း ချစ်ခင်ရင်းနှီးမှုတည်ဆောက်ခြင်းအပြင် နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရန်အတွက်     ယခုကဲ့သို့    ယဉ်ကျေးမှုအနုပညာပူးပေါင်း၍ ဖျော်ဖြေတင်ဆက်ခြင်း အစီအစဉ်ကို ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းတို့က  ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။                      

သတင်းစဉ်