နေပြည်တော် ၁၁ ဧပြီ

 


ပြင်သစ်နိုင်ငံမှ Dr. Thomus Oliver Pryee ဦးဆောင်သည့်အဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုနှင့် အဖွဲ့တို့သည် ညောင်ဦးမြို့နယ်၊ ဇီးအိုကျေးရွာအနီး ရှေးဟောင်းသံချက်ဖို တူးဖော်သုတေသန ပြုလုပ်ငန်းကို ဖေဖော်ဝါရီ ၄ ရက်မှ မတ် ၁ ရက်အထိ စနစ်တကျ တူးဖော်သုတေသနပြု ဆောင်ရွက်ခဲ့ကြကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ေ

 

အဆိုပါ တူးဖော်သုတေသနလုပ်ငန်းအဖွဲ့သည် ဇီးအိုကျေးရွာတစ်ဝိုက်ရှိ ဒေသအခေါ် ထနောင်းကုန်း(TNK)၊ ကိုဖိုးချွန်ဖိုကုန်း(KPC)၊ သံဖိုကုန်း(TPK) စသည့် နေရာ(၃)နေရာအား ရွေးချယ်၍ ထနောင်းကုန်း(TNK) နေရာတွင် စမ်းသပ်ကျင်း(၉)နေရာ၊ သံဖိုကုန်း(TPK) ကုန်းနေရာတွင် စမ်းသပ်ကျင်း (၅)နေရာ၊ ကိုဖိုးချွန်ဖိုကုန်း(KPC) နေရာတွင် စမ်းသပ်ကျင်း (၄)နေရာတို့ကို တူးဖော်သုတေသနပြုခဲ့ပြီး မြေဇာနမူနာ (Sample) များရယူခြင်း၊ သံချော်ခဲ၊ မီးသွေး၊ သံနှင့် ဖိုနံရံမြေဇာခဲများ ရယူ၍ ချော်ခဲများအတွင်း ဓာတ်ပေါင်းများပေါင်းစပ် ပါဝင်မှု composition တိုင်းတာမှုများ ပြုလုပ်ခြင်းနှင့် သံချက်ဖို၏ ဖွဲ့စည်းထားရှိမှု အခြေအနေနှင့် သံထုတ်လုပ်မှုနည်းပညာတို့ကို မှတ်တမ်းတင်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 


၎င်းစမ်းသပ်တူးဖော်မှုများ၏ အကျိုးရလဒ်အနေဖြင့် ဇီးအိုကျေးရွာအနီးတွင် တွေ့ရှိရသော သံချက်ဖိုများသည် တိုက်ရိုက်သံချက်လုပ်သောနည်းကို အသုံးပြုခဲ့သော ဖိုများဖြစ်ကြောင်း၊ ရှေးဟောင်းသံချက်ဖိုများ၏ သံချက်လုပ်မှု နည်းပညာများကို လေ့လာသိရှိခဲ့ကြောင်း၊ ကုန်ကြမ်းအပြင် အသုံးပြုနိုင်သော သံရိုင်း(Iron Ore)၊ ဟေမတိုက် (Haematite)၊ လီမိုနိုက် (Limonite) များကို ယင်းဒေသဝန်းကျင်တွင် များပြားစွာတွေ့ရှိခဲ့ရကြောင်း၊ တူးဖော်သုတေသန တွေ့ရှိချက်နှင့် နမူနာ (Sample) ကောက်ယူထားသော သံချော်ခဲ၊ မီးသွေးခဲ၊ သံအပိုင်းအစများအား အသေးစိတ်လေ့လာ သုတေသနပြု ဆောင်ရွက်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တက္ကသိုလ် ဓာတ်ခွဲခန်းရှိ Optical Microscopy and SEM-EDS တွင်လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ဓာတ်ခွဲခန်းတွင်လည်းကောင်း ဆက်လက်သုတေသနပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ေေ

 

၎င်းတူးဖော်သုတေသန လုပ်ငန်းများအပြင် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားရှိမှုနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဒေသခံများ သိရှိနားလည်နိုင်ရန်အတွက် အသိပညာပေးခြင်း လုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 


MDN