နေပြည်တော် ၁၁ ဧပြီ
မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တီလက် မာရာပါနာတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် နှစ်ဖက်ကိုယ်စားလှယ်များက နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အဆင့်မြင့်ကိုယ်စားလှယ်ခရီးစဉ်များ အပြန်အလှန် စီစဉ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်း အပါအဝင်ကဏ္ဍစုံ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးချဲ့သွားနိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဝန်ကြီးများသည် မြန်မာ-သီရိလင်္ကာ ပူးတွဲကော်မရှင် အစည်းအဝေးမှတ်တမ်းကို လက်မှတ်ရေးထိုးကြသည်။
ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား ရွှေစံအိမ်ဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးသည် ပုဂံမြို့နှင့် ရန်ကုန်မြို့တို့ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အထင်ကရနေရာများသို့လည်း သွားရောက်လည်ပတ်သွားမည်ဖြစ်ပြီး ဧပြီ ၁၅ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
(သတင်းစဉ်)


