နေပြည်တော် အောက်တိုဘာ ၈

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Blue Sky Rescue Team က မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) မှတစ်ဆင့် နေပြည်တော်ရှိဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများအတွက် အိမ်သုံးဆိုလာပစ္စည်းများ နှင့်ခြင်ထောင်များကို ယနေ့တွင် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လာရောက်ပေးအပ်လှူဒါန်းသည်။

 

နံနက်ပိုင်းတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများအတွက် အိမ်သုံးဆိုလာပစ္စည်း အစုံ ၁၀၀ နှင့် ခြင်ထောင်အလုံး ၄၀၀ တို့ကို နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနသို့ လာရောက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ထို့အတူ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)ဥက္ကဋ္ဌသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများအတွက် အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၀၀ ကို အဆိုပါဝန်ကြီးဌာနသို့ လာရောက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ထို့ပြင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌသည် ကျန်းမာရေးဝန်ကြီးဌာနရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် ဆေးပေးခန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Blue Sky Rescue Team က မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)မှတစ်ဆင့် ပေးပို့လှူဒါန်းသည့် အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၀၀ ကို ကျန်းမာရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင် စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်