ရန်ကုန် ၉ ဧပြီ

 

မြန်မာ ယူ-၁၈ အသင်းသည် ဧပြီ ၁၉ ရက်မှ ၂၂ ရက်အထိ ယှဉ်ပြိုင်ရမည့် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲအတွက် ကစားသမားသစ်များ ရွေးချယ်ကာ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

 

မြန်မာ ယူ-၁၈ အသင်းသည် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် ဧပြီ ၂ ရက်မှစ၍ ပြန်လည်လေ့ကျင့်လျက်ရှိပြီး ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမား ၂၀ ဦး၊ ကျန်ရှိခဲ့သည့် ကစားသမား ခြောက်ဦး၊ အသစ်ရွေးချယ်ထားသည့် ကစားသမားသုံးဦးနှင့် ပေါင်းကာ ၂၉ ဦးဖြင့် လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် MFF Youth အသင်းအမည်ဖြင့်လည်း ၂၀၁၉ ရာသီ MNL ယူ-၂၁ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေရာ ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲကြောင့် ရွှေ့ဆိုင်းထားရသည့် ပွဲနှစ်ပွဲကို ပြန်လည်ကစားလျက်ရှိသည်။ ပွဲကျန်များအနက် ဧပြီ ၈ ရက်က ဧရာဝတီအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဧပြီ ၁၁ ရက်တွင် စစ်ကိုင်းအသင်းနှင့် ထပ်မံကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဧပြီ ၁၇ ရက်တွင် ထွက်ခွာရမည်ဖြစ်သောကြောင့် သင်္ကနြ်ကာလများတွင်ပါ လေ့ကျင့်မည်ဖြစ်သည်။

 

မြန်မာအသင်းသည် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင်ဟောင်ကောင်၊ ဗီယက်နမ်၊ စင်ကာပူအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် Southern လူငယ်အသင်းမှ ပိုင်မိုးဝေနှင့် ရဲမင်းကျော်၊ ရှမ်းယူနိုက်တက်လူငယ်အသင်းမှ ကောင်းခန့်ကျော်တို့ကို အားဖြည့်ရွေးချယ်ထားခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်းတွင် နည်းပြချုပ်- ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ- ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ- ဦးစိန်အေး၊ ဂိုး- နေလင်းထက်၊ ပြည့်ဖြိုးသူ၊ ဟိန်းထက်စိုး၊ နောက်တန်း- ရဲထက်အောင်၊ စည်သူမိုးခန့်၊ သော်ဇင်ထက်၊ ညဏ်လင်းထက်၊ စောကျော်ထက်၊ မျိုးချစ်ဇော်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ ကိုကို၊ ဇော်ဇော်၊ ပိုင်မိုးဝေ၊ အလယ်တန်း- ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ပြည့်ဖြိုးအောင်၊ ရန်နိုင်လင်း၊ နောင်နောင်စိုး၊ သူရအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ ကောင်းခန့်ကျော်၊ ရဲမင်းကျော်၊ ရှေ့တန်း- စောကျော်အဲ၊ ညီညီ၊ လမင်းထွေး၊ ဩဘာခ၊ နွေအေးတို့ ပါဝင်ကြသည်။

 

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်