၂၀၂၅-၂၀၂၆ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၂) နောက်ဆုံးနေ့ကို ဇန်နဝါရီ ၅ ရက်က သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁) ၌ ဆက်လက်ကျင်းပရာ မြဝတီအသင်းနှင့် Young Lionesses အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။
အမှတ်ပေးဇယားအောက်ပိုင်းမှ အသင်းနှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ မြန်မာ ယူ-၁၇ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းဖြစ်သော Young Lionesses အသင်းသည် နိုင်ပွဲရရှိရေးကြိုးပမ်းသော်လည်း သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရပြီး မြဝတီအသင်းမှာမူ ယခုရာသီ ပထမဆုံး သရေပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ၃၇ မိနစ်တွင် ဆောင်းသဇင်ဦးက Young Lionesses အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူသော်လည်း ၆၉ မိနစ်တွင် ပုံ့ပုံ့ပြည့်မောင်က မြဝတီအသင်းအတွက် ပင်နယ်တီမှတစ်ဆင့် ချေပဂိုးပြန်သွင်းခဲ့သည်။
ပွဲစဉ် (၁၂) အပြီးတွင် ဧရာဝတီအသင်းက ၁၁ ပွဲကစား ၂၇ မှတ်၊ အား/ကာသိပ္ပံအသင်းက ၁၀ ပွဲ ကစား ၂၅ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ၁၀ ပွဲကစား ၂၃ မှတ်၊ သစ္စာအားမာန်အသင်းက ၁၁ ပွဲ ကစား ၂၁ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၁၁ ပွဲကစား ၁၉ မှတ်၊ YREO အသင်းက ၁၁ ပွဲ ကစား ၁၀ မှတ်၊ Young Lionesses အသင်းက ၁၁ ပွဲကစား ရှစ်မှတ်၊ မြဝတီအသင်းက ၁၀ ပွဲကစား လေးမှတ်ရထားပြီး ရန်ကုန်စီးတီးအသင်းမှာမူ ၁၁ ပွဲကစား အမှတ်မရသေးပေ။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ-MWL


