နေပြည်တော် အောက်တိုဘာ ၆
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား “ဝန်ထမ်းမိသားစုများ သီတင်းကျွတ် ပွဲတော်” ပျော်ပွဲရွှင်ပွဲနှင့် ဖျော်ဖြေပွဲကို အောက်တိုဘာ ၆ ရက်ညနေပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည်။
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ မဟာအောင်ဗောဓိဂြိုဟ်ရှစ်ခွင်ဘုရားတွင် ပန်း၊ ရေချမ်း၊ သစ်သီးများကပ်လှူကြပြီး ဆီမီး ၁၀၀၀ စုပေါင်းပူဇော်ကြသည်။ ထို့နောက် MRTV ပန်းခြံမုခ်ဦးနေရာ တွင် ကျင်းပသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းမိသားစုများ၏ သီတင်းကျွတ်ပွဲတော်အား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် မြို့မိမြို့ဖ ဒေါက်တာခင်မောင်ထွန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ထမ်းမိသားစုများနှင့်အတူ မီးပုံပွဲတွင် ပျော်ရွှင်စွာပါဝင် ဆင်နွှဲကြသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့် မြိုမိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မီးပုံးပျံအကြီး နှစ်လုံး၊ အလတ်ခြောက်လုံးနှင့် အသေး ၆၀ စုစုပေါင်း မီးပုံးပျံ ၆၈ လုံးတို့ကို ဝန်ထမ်းမိသားစုများနှင့်အတူ လွှတ်တင်ပူဇော်ကြသည်။
ဆက်လက်၍ နိဗ္ဗာန်ဈေးပွဲတော်၊ သီတင်းကျွတ်ပွဲတော်တွင် ခင်းကျင်းရောင်းချနေကြသည့် တိုင်းရင်းသား ရိုးရာအစားအစာ အရောင်းဆိုင်များနှင့် ပျော်ရွှင်ဖွယ် ဂိမ်းကစားနည်းများအပြင် ကလေးများအတွက် ချားရဟတ်နှင့် ပျော့ပျော့အိအိကစားကွင်း တို့ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တီးဝိုင်းအဖွဲ့နှင့်အတူ ဝန်ထမ်းမိသားစုများ ၏ တေးသီချင်းပြိုင်ပွဲ သီဆိုယှဉ်ပြိုင်မှုတို့ကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ ချီးမြှင့်ကာ ဖျော်ဖြေရေးအဖွဲ့၊ တီးဝိုင်းအဖွဲ့နှင့် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


