မြန်မာ့ဘောလုံး တိုးတက်အောင်မြင်မှုရရန် လေးနှစ်စီမံကိန်း ချမှတ်ဆောင်ရွက်မည်

ရန်ကုန် ၁၆ ဇန်နဝါရီ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ခန့်အပ်ထားသည့် ဘယ်လ်ဂျီယံနိုင်ငံသား နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗရန်သည် မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် လေးနှစ်စီမံကိန်း ချမှတ်ဆောင်ရွက်မည်ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်က MFF ရုံး၌ ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ တွဲဖက်အတွင်းရေးမှူး ဦးတင်မြင့်အောင်နှင့် လက်ရွေးစင်အသင်းလိုက် နည်းပြချုပ်များ တက်ရောက်ခဲ့သည်။ 

 

အဲရစ်အာဗရန် တင်ပြခဲ့သည့် လေးနှစ်စီမံကိန်းတွင် အချက်လေးချက်ပါဝင်ပြီး မြန်မာ့လက်ရွေးစင်၊ သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းနှင့် ဘောလုံးအကယ်ဒမီများ၏ ဆောင်ရွက်မည့်အစီအစဉ်များ၊ နည်းပြအရည်အသွေးပိုင်းဆိုင်ရာ တိုးတက်အောင် ဆောင်ရွက်ရန်၊ လူငယ်စီမံကိန်းများ စနစ်တကျဆောင်ရွက်ရန်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး အသင်းများအတွက် ဆောင်ရွက်မည့် အစီအစဉ်များအပြင် ကလပ်အသင်းများမှ ဆောင်ရွက်ပေးရမည့် အစီအစဉ်များ၊ လူငယ်အသင်းများ တိုးမြှင့်ဖွဲ့စည်းရန် ဈေးကွက်ရှာဖွေရေး၊ ငွေကြေးနှင့် မီဒီယာကဏ္ဍများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ပါဝင်သည်။ 

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့်  နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗရန် အကောင်အထည်ဖော်လိုသည့် စီမံကိန်းများကို အလုံးစုံပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ မြန်မာ ယူ-၂၂ အမျိုးသားအသင်း၊ ယူ-၁၈ အမျိုးသားအသင်း၊ ယူ-၁၅ အမျိုးသားအသင်း၊ ယူ-၁၉ အမျိုးသမီးအသင်း၊ ယူ-၁၆ အမျိုးသမီးအသင်းတို့ ဖွဲ့စည်းထားပြီး မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းကိုလည်း နည်းပြချုပ်သစ် ခန့်အပ်ပြီးပါက ဖွဲ့စည်းမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် Sports And Science  နည်းပြတစ်ဦး ခန့်အပ်ခဲ့ပြီး စပိန်နိုင်ငံသား ဟွမ်ရိုမန်ကို နှစ်နှစ်စာချုပ်ဖြင့် ဇန်နဝါရီ ၁၆ ရက်က စာချုပ် ချုပ်ဆိုခဲ့ကာ လက်ရွေးစင်အသင်း အားလုံးအတွက် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ 

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်