မောင်ခင်မင် (ဓနုဖြူ)

 

“ဪ... ဝိဂြိုဟ်ကျင်းတဲ့အကြောင်း ရောက်လာတော့ ကိုလိုနီခေတ်ဦးပိုင်းတုန်းက ဝိဂြိုဟ်ကျင်းပုံတစ်ခုအကြောင်း သတိရလို့ ပြောရအုံးမယ်”

“ပြောပြပါ ဆရာ”

 

“မဂ္ဂံ၊ ဇာနေတီတိ မဂ္ဂဇဉ်းတဲ့”

“ဟင် - အဓိပ္ပာယ်က ဘာပါလဲ ဆရာ”

 

“မဂ္ဂံ လမ်းကို။ ဇာနေတိ၊ သိတတ်၏။ ဣတိ တသ္မာ၊ ‘ထိုကြောင့်။ မဂ္ဂဇဉ်း၊ မဂ္ဂဇဉ်းမည်၏”တဲ့။ အဲဒီမှာ မဂ္ဂဇင်းကို ခုခေတ်မှာလို ‘မဂ္ဂဇင်း’ လို့ ငသတ်နဲ့ စာလုံးမပေါင်းဘဲ ‘မဂ္ဂဇဉ်း’လို့ ဉသတ်နဲ့ စာလုံးပေါင်းတယ်ကွဲ့”

“ဪ...”

 

“ဆိုလိုတာက မဂ္ဂဇဉ်းဆိုတဲ့စကားဟာ ‘မဂ္ဂ+ဇည’ဆိုတဲ့ ပါဠိစကားက ဆင်းသက်တာ...တဲ့။ ‘မဂ္ဂ’က လမ်း၊ ‘ဇည’က- သိတာ။ ဒီတော့ လမ်းကိုသိတတ်လို့ မဂ္ဂဇဉ်းလို့ခေါ်တာလို့ ဝိဂြိုဟ်ကျင်းတာပေါ့ကွယ်”

“ဟုတ်ကဲ့”

 

“မဂ္ဂဇင်းသမိုင်းအကြောင်း ရေးတဲ့ စာတမ်း တွေ ဘာတွေမှာ ရှေးက မဂ္ဂဇင်းတွေရဲ့မျက်နှာဖုံး ဓာတ်ပုံတွေ ပြထားတတ်တယ်။ အဲဒီမှာကြည့်ရင် မင်းတွေ့လိမ့်မယ်။ ‘လောကသာရ မဂ္ဂဇဉ်း’ဆိုတာ မဂ္ဂဇဉ်းလို့ ဉ သတ်နဲ့ ရေးထားတာလေ”

“ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် ခုဆရာပြောမှ သိပါတယ်”

 

“ဆိုလိုတာက ပါဠိဩဇာသက်ရောက်ပုံကို ပြောချင်တာပါ။ မင်းသိတဲ့အတိုင်း မဂ္ဂဇင်းဆိုတာ magazineဆိုတဲ့ အင်္ဂလိပ်စကားကို အသံလှယ်ပြီး မွေးစားထားတာလေ။ ဒါကြောင့် မဂ္ဂဇင်းလို့ပဲ ရေးကြတယ်။ ပါဠိသန်တဲ့သူတွေက ခုပြောသလို မဂ္ဂဇညဆိုတဲ့ ပါဠိကဆင်းသက်တဲ့ စကားဆိုပြီး ‘မဂ္ဂဇဉ်း’လို့ ရေးတာလေ”

“မှတ်သားထားပါ့မယ် ဆရာ”

 

“ရယ်စရာတစ်ခု ပြောရအုံးမယ်။ ကုန်းဘောင်ခေတ်မှာ သံတော်ဆင့်ဦးခြိမ့်ဆိုတဲ့ ပညာရှင်ကြီးဟာ မင်းတုန်းမင်း တရားလက်ထက်မှာ သံအဖွဲ့ကို ဦးဆောင်ပြီး နိုင်ငံခြားကို သွားတယ်။ နိုင်ငံခြားကနေပြီး မြန်မာနိုင်ငံက မိတ်ဆွေတွေဆီကို စာရေးရာမှာ စာအဆုံးသတ်မှာ ‘နှိုင်းမတု ထိုက်အောင်၊ သိုင်းခရုလိုက်ပါကြောင်း’လို့ နဘေထပ် အသုံးကလေးထည့်လိုက်တယ်ကွဲ့”

“ကျွန်တော် ဖတ်ဖူးပါတယ် ဆရာ”

 

“သိုင်းခရုလိုက်ပါကြောင်းဆိုတာ thankyou ဆိုတဲ့ အင်္ဂလိပ်စကားကို အသံလှယ်လိုက်တာလေ။ အဲဒီစာကို မြန်မာပညာရှင်ကြီးတစ်ယောက်က ဘယ်လိုသုံးသပ်သလဲဆိုတော့၊ ‘ကသိုဏ်းရှု’လို့ ရေးတာကို မှားပြီး ‘သိုင်းခရု’ ဖြစ်သွားတာ ဖြစ်မယ် လို့ သုံးသပ်သတဲ့”

“ဪ၊ ပါဠိဘက် တော်တော်သန်တာပဲနော်”

 

“အရင်အပတ်က ပြောသလိုပဲ မြန်မာစကား အားလုံးပါဠိကဆင်းသက်တယ်လို့ ယူဆပြီး စားလုံးပေါင်းကြတော့ တချို့စာလုံးပေါင်းတွေက တစ်မျိုးဖြစ်ကုန်ရောလေ။ စာဖတ်တယ်ဆိုတဲ့ စကားဟာ ‘ဘာသတိ’က လာလို့ဆိုပြီး ‘ဘာသ်’လို့ ရေးတာမျိုးရှိတယ်။ တွင်ကျယ်တဲ့ စာလုံးတစ်လုံး က ‘မိုဃ်း’ ပဲ”

“ဟုတ်တယ် ဆရာ။ အရင်က စာအုပ်တွေမှာ ‘မိုဃ်း’ လို့ ရေးတာတွေ့ပါတယ်”

 

“မိုးဆိုတာ အပေါ်မှာ မိုးနေလို့ မိုးလို့ခေါ်တာ လို့ စဉ်းစားရင် မြန်မာစကားရိုးရိုးပါပဲ။ မိုးကကျတဲ့ အရည်ကို မိုးရည်ပေါ့။ ‘မိုးရေ’လို့ ပြောလဲရပါတယ်။ ပါဠိဘက်ဆွဲတဲ့အခါကျတော့ ‘မိုး’ဟာ ‘မေဃ’ ဆိုတဲ့ ပါဠိစကားက လာတာမို့ ဃသတ်နဲ့ရေးရ မယ်ဆိုပြီး ‘မိုဃ်း’လို့ ရေးခဲ့ကြတာလေ”

“ဟုတ်ကဲ့ပါ”

 

“ကုန်းဘောင်ခေတ်မှာပေါ်တဲ့ ရှင်ဝိသုဒ္ဓာစာရ ရဲ့ ‘သဒ္ဒါနုသာရိ သတ်ပုံကျမ်း’မှာ ‘တစ်ထွေဆိုရိုး၊ ပဇ္ဇုန်မိုးတွင်၊ လုံးကြီးတင်၍၊ ငင်ပြန်တုံလတ်၊ ဃကြီးသတ်သည်၊ ပညတ်စဉ်လာ ရေးထုံးတည်း’ လို့ ရေးထားတယ်ကွဲ့”

“ဟုတ်ကဲ့ပါ”

 

“အရင်က ပထဝီဝင်စာအုပ်တွေမှာလဲ ‘မြန်မာပြည်တွင် မိုဃ်းရွာသွန်းခြင်းအကြောင်း’ဆိုတဲ့ ခေါင်းစဉ်မျိုးတွေ တွေ့ရတယ်”

“ဟုတ်ပါတယ် ဆရာ”

 

“မှတ်သားစရာဖြစ်ရပ်နှစ်ခုကိုလဲ သတိရလို့ ပြောရအုံးမယ်။ မင်းတုန်းမင်းလက်ထက်မှာ ဆရာတော်တွေက ဘုရင်မင်းမြတ်ဆီ မေတ္တာစာသွင်းရာမှာ မြန်မာကို ‘မြမ္မာ’၊ ‘အပုပ်’ကို ‘အပုတ်’လို့ ရေးကြတယ်တဲ့။ ပိဋကတ်တော်အုပ်၊ မိုင်းခိုင်း မြို့စားဦးရန်က အဲဒီလို သတ်ပုံမှားပြီးရေးတဲ့အကြောင်း ဆရာတော်တွေကို လျှောက်တယ်။ ဆရာတော်တွေက မြန်မာကို မရမ္မာကလာတယ် ဆိုပြီး ဝိဂြိုဟ်ကျင်းပြတယ်။ ‘အပုတ်’ကလဲ ပုတိဆိုတဲ့ ပါဠိစကားကလာတာမို့ တသတ်ရမယ် လို့ မိန့်ဆိုကြတယ်။ အဲဒီအခါမှာ ဦးရန်က ‘ပါဠိဝိဂြိုဟ်တွေ ငရန့်ဗိုက်ထဲမှာ အပြည့်ရှိတယ်’ လို့ဆိုပြီး သူ့ဗိုက်ကို ပုတ်ပြတယ်တဲ့။ ပြီးတော့မှ ဆရာတော်တို့ ပြင်နေရာမှာရေးရင် နှစ်သက် သလို ရေးနိုင်ပါတယ်။ နန်းတော်ကို ပို့တဲ့မေတ္တာစာ တွေမှာတော့ ရေးထုံးသတ်ပုံမှန်အောင်ရေးကြပါလို့ လျှောက်ထားခဲ့ရသတဲ့”

“မှတ်သားစရာကောင်းပါတယ် ဆရာ။ မှတ်သားထားပါ့မယ်”

 

“နောက်တစ်ခါမှာလဲ ဝန်စုရ ရဟန်း လူထွက်တစ်ယောက်က ‘ထဘီ’ဆိုတဲ့ စကားဟာ ‘ဌာ’ ဆိုတဲ့ ပါဠိစကားက ဆင်းသက်တာဖြစ်တယ်။ ‘တည်ခြင်း’လို့ အဓိပ္ပာယ်ရတယ်။ ဒါကြောင့် ‘ဌဘီ’လို့ ဌဝမ်းဘဲနဲ့ရေးဖို့ပြောသတဲ့။ အဲဒီအခါမှာ ကင်းဝန်မင်းကြီးက ‘မြန်မာဘာသာမှာ ပါဠိ ဘာသာ ဝင်ဝင်မစွက်နှင့်’လို့ အဲဒီပုဂ္ဂိုလ်ကို ငေါက်သတဲ့။ အဲဒီအကြောင်းတွေကို ပုဂံ ဝန်ထောက် ဦးတင်က ပသင်္ဂဝိသောဓနီဆိုတဲ့ ကျမ်းမှာ ဖော်ပြထားတယ်ကွဲ့”

 

“တကယ်တော့ ပါဠိဘာသာကြောင့် မြန်မာ ဘာသာကြွယ်ဝလာရတာမို့ အများကြီးကျေးဇူးရှိပါတယ်။ ဒါပေမဲ့ အခုပြောခဲ့သလိုပဲ ပါဠိကိုလေးစားမှုဟာ ဗုဒ္ဓဘာသာနဲ့ဆက်စပ်ပြီး အရှိန်အဟုန် မြင့်မားသွားတဲ့အခါကျတော့ တချို့ကိစ္စတွေမှာ အစွန်းရောက်တဲ့အထိ ဖြစ်သွားတာမျိုးတွေ ရှိခဲ့တယ်”

“ဘယ်လိုကိစ္စတွေပါလဲ ဆရာ”

 

“အမြင်တစ်ခုက စကားပဲပြောပြော၊ စာပဲရေးရေး၊ ပါဠိစကားတွေပါမှ ခံ့ညားလေးနက်တယ်လို့ ယူဆတဲ့အမြင်ပဲ။ ပါဠိကို ဘုရားဟောစကားအဖြစ် ကြည်ညိုလေးစားတဲ့ သဘောထားကို အခြေခံတဲ့အမြင်ပေါ့။ ဒီအမြင်အရ ပါဠိမပါရင် မလေးနက်ဘူး။ ပေါ့ပြက်ပြက် ဖြစ်နေတယ်လို့ မြင်တတ်ကြတယ်။ ဒီအမြင်မျိုးရှိသူတွေရဲ့ အပြစ်တင်တာကို ခံရတဲ့သူတွေထဲမှာ လယ်တီဆရာတော်ဘုရားကြီး ကိုယ်တိုင်တောင် ပါဖူးတယ်...ကွဲ့”

“ဟင်- ဟုတ်လား ဆရာ”

 

“လယ်တီဆရာတော်ကြီးဆိုတာ ပါဠိပိဋကတ်စာပေရော၊ မြန်မာစာပေရော နှံ့စပ်ကျွမ်းကျင်တဲ့ ကျမ်းတတ် ဆရာတော်ကြီးလေ။ ကျမ်းတွေ အများကြီးရေးသားပြုစုခဲ့တာ။ တစ်ခါတော့ ပုသိမ်မြို့မှာ လယ်တီဆရာတော်ရဲ့ တရားပွဲကျင်းပတယ်။ နောက်တစ်နေ့ကျတော့ မြို့ထဲမှာ မကျေမနပ်ပြောသံတွေ ထွက်လာသတဲ့။ လယ်တီ ဆရာတော်ဟောတဲ့ တရားဟာ ပါဠိလဲမပါဘူး။ ပေါ့ပြက်ပြက်နဲ့လို့ မြို့သူမြို့သားတွေက ဝေဖန်ကဲ့ရဲ့ကြတာလေ”

“ဟင်...ဖြစ်မှ ဖြစ်ရလေ”

 

“အဲဒီအကြောင်းကို ဆရာတော်ကြီးကိုယ်တိုင်က ရာဇဝတ်အုပ်မောင်ကျော်ဇံဆိုတဲ့ပုဂ္ဂိုလ်ကို ပြောပြဖူးတယ်။ ပုသိမ်မှာ အဲဒီလို ဝေဖန်ကဲ့ရဲ့ကြတာကို ပြောပြပြီး ဆရာတော်ကြီးက ဆက်ပြောတယ်။ တို့မြန်မာတွေဟာ အဓိပ္ပာယ် နားလည်လည် မလည်လည် ပါဠိစကားတွေများများသုံးပြီး ပြောနိုင်ဟောနိုင်တဲ့သူကိုမှ ပညာရှိလို့ အထင်ကြီး တတ်ကြတယ်...တဲ့။ ဒါကြောင့် တို့နိုင်ငံမှာ ပါဠိပိဋကတ်တော်တွေကို မြန်မာဘာသာပြန်တဲ့ လုပ်ငန်းကြီးပေါ်ပေါက်ဖို့ လိုအပ်နေပြီလို့ ဆရာတော်ကြီးက အဲဒီသဘောမျိုး မိန့်ကြားခဲ့ဖူးတယ်။ စကားလုံးအတိအကျ ဒီအတိုင်းမဟုတ်ပေမဲ့ အဲဒီသဘော မိန့်ကြားခဲ့တယ်။ သာသနာရေးဌာနကထုတ်တဲ့ လယ်တီဒီပနီပေါင်းချုပ်နိဒါန်းမှာ အတိအကျ ဖတ်ကြည့်နိုင်တယ်”

“ဟုတ်ကဲ့ပါ ဆရာ”

 

“ဆရာတော်ကြီးက တရားတော်တွေကို ပရိသတ်သဘောပေါက်အောင် ပါဠိစကားများများ မသုံးဘဲ ဟောတာလေ။ ဆရာတော်ရဲ့ရည်ရွယ် ချက်ကို ဥတ္တမပုရိသဒီပနီဆိုတဲ့ကျမ်းမှာ အတိအလင်းဖော်ပြထားတယ်။ ပါဠိသံကျမ်း သံလွှမ်း လျှင် စကားကြီးခံ့၏..တဲ့။ ဒါပေမဲ့ ‘အသိဉာဏ် တန်းခနဲ စိုက်ခနဲမသွား၊ ယောင်ဝါးကြီးဖြစ်လျက်နေ၏..တဲ့။ ဆရာတော်က အဲဒီလိုမိန့်ကြားပြီး ဒီကျမ်းမှာတော့ မြန်မာပရိသတ်နားလည်ဖို့ ‘မြန်မာ ပြော’ချည်း လာလတ္တံ့လို့ မိန့်ကြားခဲ့တာပါပဲကွယ်”။    ။