မောင်ခင်မင် (ဓနုဖြူ)
“ဗုဒ္ဓဘာသာကိုအကြောင်းပြုပြီး တို့မြန်မာနိုင်ငံမှာ ပါဠိဘာသာရဲ့ ဩဇာအရှိန်အဝါပျံ့နှံ့တဲ့ အကြောင်း တော်တော်ပြောပြီးကြပြီနော်။ အရင်အပတ်က ပြောခဲ့တဲ့အတိုင်း ရပ်ထဲရွာထဲက လူတော်တော်များများက ပါဠိဆိုရင် ဘုရားစာလို့ပဲ ယူဆတတ်ကြတယ်ကွဲ့”
“ဟုတ်ပါတယ် ဆရာ။ ကျွန်တော်လဲ ကြုံဖူးပါတယ်”
“ဒီတော့ တရားဟောရင်လဲ ပါဠိများများပါမှ လေးနက်တယ်လို့ ထင်ကြတာပေါ့ကွယ်။ ဒီနေရာမှာ ဆရာကြီးပီမိုးနင်းရဲ့ အဆိုအမိန့်တစ်ခုကို သတိရတယ်။ တော်တော်မှတ်သားဖို့ကောင်းတယ်”
“ဟုတ်ကဲ့ပါ”
“ဆရာကြီးက ပါဠိဆိုတာ ဘာသာစကား တစ်ခုပဲ၊ ဒါကြောင့် အဲဒီဘာသာစကားနဲ့ အကောင်းလဲပြောလို့ရတယ်။ အဆိုးလဲပြောလို့ ရတယ်ဆိုတာကို သဘာဝကျကျ မိန့်ဆိုထား တာလေ။ ‘သုခချမ်းသာ စိတ်ပညာ’ဆိုတဲ့ စာအုပ်မှာပါတယ်။ ဆရာဖတ်ပြမယ်”
“ဟုတ်ကဲ့ ဆရာ”
“ထိုစကားနှင့်ပင် အကောင်းကိုပြောကြ၏။ ထိုစကားနှင့်ပင် ဆိုးယုတ်စွာ ဆဲရေးကြသည်။ ထိုစကားနှင့်ပင် ကာလသားသမီးများ ချစ်ကြကြိုက်ကြလေရာ ပါဠိဘာသာကို အသုံးပြုမှ ဖြစ်သည်ဟု စွဲမှတ်ရန်အကြောင်းမရှိ။ သဘော အဓိပ္ပာယ်ကိုသိသော၊ စူးစိုက်သောစိတ်သာ ပဓာန ဖြစ်လေသည်...တဲ့”
“မှတ်သားထားပါ့မယ် ဆရာ။ ပါဠိလို ရေးထားတိုင်း ဘုရားစာမဟုတ်ဘူး။ ဆဲတဲ့စာလဲ ပါဠိလိုရေးနိုင်တယ်။ သမီးရည်းစားစာလဲ ပါဠိလို ရေးနိုင်တယ်ပေါ့နော် ဆရာ”
“အေး...အေး၊ အဲဒီလို ပြောရမှာပေါ့ကွယ်။ နောက်အဆိုအမိန့်တစ်ခုက ပါဠိပါမောက္ခပညာရှင်ကြီးရဲ့ အဆိုအမိန့်ပဲကွဲ့”
“ဘယ်သူပါလဲ ဆရာ”
“ဆရာကြီး ဦးဖေမောင်တင်ပါ။ မင်းသိတဲ့အတိုင်း ဆရာကြီးဦးဖေမောင်တင်ဟာ ပါဠိ ပါမောက္ခ၊ ပါဠိဘာသာစာပေနှံ့စပ်တဲ့ ပညာရှင် ကြီးလေ။ ပါဠိဘာသာကို အင်မတန်လေးစားတဲ့ ပုဂ္ဂိုလ်ကြီးပေါ့။ ဆရာကြီးက ဘာပြောသလဲဆိုရင် ရှေးက ပါဠိစာပေတွေကို မြန်မာဘာသာပြန်တဲ့အခါ မြန်မာလိုသက်သက်မပြန်ဘဲ ပါဠိတစ်ပိုဒ်၊ မြန်မာတစ်ပိုဒ် နိဿယပြန်ခဲ့တဲ့အတွက် မြန်မာစကားပြေ အရေးအသားဟာ ချောချောမွေ့မွေ့ မဖြစ်ဘဲ နှစ် ၅၀၀ လောက် အချိန်တွေပုပ်သွားတယ်... တဲ့”
“ဪ”
“ပါဠိ မြန်မာနိဿယတွေ လွှမ်းမိုးနေလို့ မြန်မာစကားပြေကောင်းတွေ ပေါ်ပေါက်တာ နှစ် ၅၀၀ လောက် နောက်ကျသွားတယ်လို့ ဆိုလိုတာပေါ့ကွယ်”
“နားလည်ပါပြီ ဆရာ”
“သာမန်ပုဂ္ဂိုလ်တစ်ယောက်က ပြောတာဆိုရင်တော့ ပါဠိကိုထိခိုက်ပြီး ပြောတယ်လို့ ထင်စရာပေါ့။ ခုတော့ ပြောတဲ့ ပုဂ္ဂိုလ်ဟာ ပါဠိပညာရှင်ကြီး ကိုယ်တိုင်ဖြစ်နေတာမို့ အလေးအနက်သဘောထားရမှာပေါ့ကွယ်”
“မှန်ပါတယ် ဆရာ”
“အဲ...နောက် အဆိုအမိန့်တစ်ခု ပြောချင်သေးတယ်။ ဆရာကြီး သခင်ဘသောင်းရဲ့ အဆိုအမိန့်ပါ။ သခင်ဘသောင်းဟာလဲ မြန်မာစာရော၊ ပါဠိရော၊ အင်္ဂလိပ်ရော ကျွမ်းကျင်တဲ့စာရေးဆရာကြီးမဟုတ်လား။ ဆရာကြီးက ဘာသာပြန် အကြောင်း ဟောပြောရာမှာ ထည့်ပြောတာလေ”
“ပြောပြပါ ဆရာ”
“တို့မြန်မာတွေဟာ ပါဠိကို မြန်မာပြန်တဲ့အခါ မြန်မာလိုသန့်သန့် မပြန်ဘဲ ပါဠိစကားလုံးတွေကပဲ အသက်ထည့်ပြီး ပါဠိပျက်စကားလုံးတွေအဖြစ် ပြန်ခဲ့ကြတယ်...တဲ့။ မြန်မာလို သန့်သန့်ပြန်တာကို ပါဌ်လျောက်ပြန်နည်းလို့ခေါ်တယ်။ ပါဠိပျက်တွေနဲ့ ပြန်နည်းကိုတော့ နာမသတ်ပြန်နည်းလို့ ခေါ်တာပေါ့”
“ဟုတ်ကဲ့ပါ”
“ဆရာကြီးက ဘာကို သာဓကပြသလဲ ဆိုတော့ ‘မဂ်’ဆိုတဲ့ ပါဠိပျက်စကားလုံးကို ပြတယ်။ ‘မဂ်’ဆိုတာ ‘မဂ္ဂ’ဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုလိုက်တာ မဟုတ်လား။ မဂ္ဂမှာ ဂ- တစ်လုံးကိုဖြုတ်ပြီး တစ်လုံးကို အသတ်ထည့် လိုက်တာလေ”
“ဟုတ်ပါတယ် ဆရာ”
“‘မဂ္ဂ’ရဲ့ အဓိပ္ပာယ်က ‘လမ်း’ပဲ။ ‘အဋ္ဌင်္ဂီကော မဂ္ဂေါ’ဆိုတဲ့ ပါဠိစကားကို မြန်မာပြန်တဲ့အခါ လမ်းရှစ်သွယ်၊ လမ်းရှစ်ခုလို့ပြန်ရင် အဓိပ္ပာယ်ရှင်းတာပေါ့။ အင်္ဂါရှစ်ပါးရှိသောလမ်းပေါ့။ ‘လမ်း’ဆိုတာ သွားရတဲ့နေရာလို့ အဓိပ္ပာယ်ရှိတာမို့ နိဗ္ဗာန်ကို သွားတဲ့လမ်းဆိုတာ နားလည်နိုင်တာပေါ့။ ဆရာကြီးက အဲဒါတွေရှင်းပြပြီး အင်္ဂလိပ်လို ဘာသာပြန်တဲ့အခါမှာလဲ မဂ္ဂကို ‘way’,‘path’ လို့ပြန်တော့ နားလည်တယ်တဲ့။ ဒါပေမဲ့ တို့မြန်မာ တွေက ‘မဂ္ဂ’ကို လမ်းလို့မပြန်ဘဲ ‘မဂ်’လို့ ပြန်လိုက်တော့ အဓိပ္ပာယ်နားမလည်တဲ့အတွက်ပဲ မြန်မာတွေ ‘လမ်းပျောက်’သွားတယ်လို့ ဆရာကြီးက ထောက်ပြထားတယ်လေ”
“မဂ္ဂကို ‘လမ်း’လို့ ရှင်းရှင်းလင်းလင်း ဘာသာမပြန်လို့ မြန်မာတွေ လမ်းပျောက်သွားတယ်ဆိုတဲ့ စကားဟာ တော်တော် ထိမိတာပဲနော် ဆရာ”
“အေး...ဒါတွေကတော့ ပါဠိအရှိန်အဝါကြောင့် ဖြစ်လာရတဲ့ ဘဝင်မကျစရာ သက်ရောက်မှု တချို့ပေါ့ကွယ်။ အဲ...တစ်ဖက်ကကြည့်ရင်တော့ ပါဠိစကားနဲ့ဖန်တီးလိုက်တဲ့ မြန်မာဝေါဟာရသစ် တွေ တိုးပွားလာတာဟာလဲ သက်ရောက်လာမှု တွေပါပဲ။ ဒါတွေကတော့ ကြိုဆိုအပ်တဲ့ သက်ရောက်မှုတွေပေါ့ကွယ်”
“ပြောပြပါ ဆရာ”
“ဝေးဝေးလံလံမကြည့်နဲ့ ‘ဒီနေ့’တို့ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ‘သုတေသန’ဆိုတဲ့ စကားပဲ ကြည့်လေ”
“ဟုတ်ကဲ့”
“‘သုတေသန’ဆိုတဲ့ ဝေါဟာရဟာ ပါဠိမှာ မူလကရှိတဲ့ ဝေါဟာရမဟုတ်ဘူး။ သုတ (အကြား အမြင်)နဲ့ တြိသန (ရှာမှီးခြင်း)ဆိုတဲ့ ပါဠိစကား နှစ်လုံးကို ပေါင်းစပ်ဖန်တီးထားတာလေ။ ပါဠိ တတ်ကျွမ်းတဲ့ မြန်မာပညာရှင်တွေရဲ့ ဖန်တီးချက် ပေါ့။ အင်္ဂလိပ်စကား research နဲ့ သဘောချင်းတူတာပေါ့။ အခုတော့ အင်မတန်အသုံးဝင်တဲ့ ဝေါဟာရဖြစ်နေပြီလေ”
“ဟုတ်ကဲ့ပါ”
“ဒီနေ့ တွင်ကျယ်နေတဲ့ ‘တက္ကသိုလ်၊ ဝိဇ္ဇာ၊ သိပ္ပံ၊ ပါမောက္ခ၊ ကထိက’ဆိုတဲ့ စကားလုံးတွေလဲ ကိုလိုနီ ခေတ်မှာ ဆရာကြီးဦးဖေမောင်တင်နဲ့ မြန်မာပညာရှင်တွေ ညှိနှိုင်းတိုင်ပင်ပြီး သတ်မှတ်ခဲ့ကြတဲ့ စကားလုံးတွေပဲ။ စောစောတုန်းကတော့ အင်္ဂလိပ် အခေါ်တွေပဲရှိတယ်လေ”
“ဟုတ်ကဲ့”
“ဆရာကြီး ဦးဖေမောင်တင်က အဲဒီ အကြောင်း တစ်ခါက ဟောပြောဖူးတယ်။ university ဆိုတဲ့ ဝေါဟာရကို ဘာသာပြန်ဖို့ စဉ်းစားတော့ ရှေးအိန္ဒိယပြည်မှာရှိတဲ့ Taxila တက်ကဆီလာဆိုတဲ့ မြို့နာမည်ကို ‘တက္ကသိုလ်’ လို့ ရှေးကတည်းက မြန်မာမှုပြုခဲ့ကြတာမို့ တက္ကသိုလ်လို့ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတာတဲ့။ ပညာနဲ့ပတ်သက်ပြီး နာမည်ထင်ရှားတဲ့ မြို့ပေါ့။ အဲဒီမြို့ကလေးက ရှေးက အနယ်နယ်အရပ်ရပ်က မင်းညီမင်းသားတွေ ပညာလာသင်တဲ့ ‘တက္ကသီလာ’ တက္ကသိုလ်ပြည်လို့ စာပေကျမ်းဂန်တွေမှာ ပါတဲ့ မြို့ပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“ဟိုတုန်းက lecturerကို ‘စာပို့ဆရာ’၊ professor ကို ‘စာပို့ဆရာကြီး’လို့ ခေါ်ကြဖူးတယ် တဲ့။ ‘စာပို့’ ဆိုတာ စာပေ ပို့ချသင်ကြားတဲ့ အဓိပ္ပာယ်ပေါ့ကွယ်။ ဒါပေမဲ့ post office ပေါ်လာ တဲ့အခါ ‘စာပို့တိုက်’လို့ ခေါ်တော့ ရောကုန်တာ ပေါ့။ ဒါကြောင့် ‘ကထိက၊ ပါမောက္ခ’ဆိုတဲ့ ပါဠိစကားလုံးတွေကို ဆရာကြီး တို့တိုင်ပင်ပြီး သုံးခဲ့ကြတာလေ။ ခုအထိ အသုံးတွင်ကျယ်နေတယ် မဟုတ်လား။ ဒါတွေကတော့ လိုလားအပ်တဲ့ ဩဇာသက်ရောက်မှုလို့ခေါ်ရမှာပေါ့ကွယ်”။ ။


