မြန်မာ့ဆင်များ ထိန်းသိမ်းစောင့်ရှောက်ထားမှုကိုကြည့်ရှုရင်း အပန်းဖြေအနားယူနိုင်မည့် ငလိုက်စခန်းသာ ဆင်စခန်း

 

ဘီဖော်ဘို၊ ဒီပါလင်း

 

ခွန်အားကြီးမားသော ဆင်များကို မြန်မာနိုင်ငံတွင် ဌာနပိုင်ဆင်များ (Domesticated Elephants) အဖြစ်လည်းကောင်း၊ တောဆင်ရိုင်းများ (Wild Elephants) အဖြစ်လည်းကောင်း တွေ့မြင်နိုင်သည်။ ဌာနပိုင်ဆင်များကို အဓိကအားဖြင့် သစ်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊  တောဆင်ရိုင်းဖမ်းဆီးခြင်း၊ နိုင်ငံတော်အခမ်းအနားများ၊ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုကြသည်။

မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ဆင်ကောင်ရေ ၃၂၈၁ ကောင်ကို ဌာနပိုင်ဆင်များအဖြစ် မွေးမြူပြုစု စောင့်ရှောက်ထားပြီး ယင်းဆင်များကို အထက်ပါခုနစ်ချက်အနက် သစ်ထုတ်လုပ်ခြင်းနှင့် သစ်ထုတ် လုပ်ငန်းတွင် သယ်ယူပို့ဆောင်ခြင်းတို့အတွက်သာ အဓိကအသုံးပြုပြီး ရှေးယခင်က တောဆင်ရိုင်း ဖမ်းဆီးခြင်းအတွက် ကွန်ဂျီဆင်များအဖြစ်လည်း အသုံးပြုခဲ့သည်။

 

ဆင်စခန်းများ

 

မြန်မာ့သစ်လုပ်ငန်းသည်  သစ်ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့်လုပ်ငန်းများအပြင် ၂၀၁၆ ခုနှစ်နောက်ပိုင်းမှစ၍ ပြည်သူများ ဆင်များကို ချစ်မြတ်နိုးတတ်လာစေရန်၊ ခရီးသွားကဏ္ဍ တိုးတက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် နိုင်ငံ့ဘဏ္ဍာ တိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆင်ထိန်းသိမ်းရေး အခြေပြုခရီးသွားလုပ်ငန်း (Elephant Conserva-tion Based Tourism- ECBT)ကို ဖော်ဆောင်ကာ နိုင်ငံတစ်ဝန်း၌ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းများကို ဖွင့်လှစ်ခဲ့ရာ ၂၀၂၃-၂၀၂၄ ခုနှစ်အထိ စခန်း ၂၄ ခုကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

 

ဆင်စခန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးကို အခြေခံသော သဘာဝခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်

(၂) ဆင်များနှင့် အနီးကပ်ထိတွေ့ခွင့်ရရှိပြီး ဆင်များအပေါ် ချစ်ခင်မြတ်နိုးတန်ဖိုးထား တတ်လာစေရန်

(၃) ဆင်များ၏ ကျက်စားရာဒေသများနှင့် သဘာဝတောတောင်ရေမြေများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူဖြစ်စေရန်

(၄) ဆင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်

(၅) ပြည်တွင်း ပြည်ပခရီးသွားများ အပန်းဖြေ လာရောက်လည်ပတ်ခြင်းဖြင့် ဌာနအတွက် တစ်ဖက်တစ်လမ်းမှ  ဝင်ငွေရရှိပြီး အစိမ်းရောင်စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ပေါ်လာစေရန်။

 

mdn

 

ငလိုက်စခန်းသာ ဆင်စခန်း

 

မြန်မာနိုင်ငံတွင် မြန်မာ့သစ်လုပ်ငန်း၏ ECBT ဆင်စခန်း ၂၄ ခုအနက် ငလိုက်စခန်းသာ ဆင်စခန်း သည် အောင်မြင်သော ဆင်စခန်းတစ်ခုအဖြစ် ပါဝင်ပါသည်။ ငလိုက်စခန်းသာဆင်စခန်းသည် နေပြည်တော် ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် ငလိုက် ကြိုးဝိုင်း အကွက်အမှတ် (၇၈)၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၁၇/၀) မိုင် အနီးတွင် တည်ရှိသည်။ ဆင်စခန်းဧရိယာ ၂၈၈ ဧက၊ ဆင်စားကျက် ဧရိယာ ၂၈၅ ဧက၊ ဆင်ကောင် ရေ ၂၁ ကောင်ဖြင့် ၂၀၁၇ ခုနှစ် မေ ၈ ရက်က စတင်ဖွင့်လှစ်တည်ထောင်ခဲ့ပါသည်။

၂၀၁၆ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံရှိ ပြည်သူ အများစုသည် ဆင်ကို တိရစ္ဆာန်ဥယျာဉ်များတွင် သာ အများအားဖြင့် တွေ့မြင်ဖူးကြသည်။ ဆင်များ၏ သဘာဝ၊ ဆင်များကို ထိန်းသိမ်း စောင့်ရှောက်မှု၊ ဆင်များကို ကာကွယ်ရန် အရေး ပါမှုများကို လက်တွေ့သိမြင်နားလည်မှု နည်းပါးခဲ့ သည်။ ထို့အတွက် မြန်မာ့သစ်လုပ်ငန်းက ဆင်စခန်းများ ဖွင့်လှစ်ခဲ့ခြင်း၏ ရည်ရွယ်ချက်များတွင် ပညာပေးရေးလုပ်ငန်းကို ရည်ရွယ်ချက်တစ်ခုအဖြစ် ထည့်သွင်းထားသည်။

 

ရည်ရွယ်ချက်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်

 

မြန်မာ့သစ်လုပ်ငန်း ဆင်စခန်းများတွင် ဆင်ပြတိုက်များဖွင့်လှစ်၍ ဆင်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြသထားပြီး ဆင်များ၏ ဓလေ့သဘာဝကို လက်တွေ့သိမြင်နားလည် လေ့လာကာ ကာကွယ်ထိန်းသိမ်းရမည့် အသိပညာများရရှိစေရေးကိုလည်း ထည့်သွင်းစီမံ ဆောင်ရွက် လျက်ရှိပါသည်။ ငလိုက်စခန်းသာ ဆင်စခန်းသည် ECBT စခန်း တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်သော ဆင်စခန်းတစ်ခုဖြစ်ပါသည်။

ငလိုက်စခန်းသာ ဆင်စခန်းသည် ရည်ရွယ်ချက် (၁) ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတက်ရေးအတွက် “ငလိုက် စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း - နေပြည်တော်ဟု Facebook စာမျက်နှာ တစ်ခု ဖွင့်လှစ်ထားပြီး ဆင်နှင့် ပတ်သက်သော ဗဟုသုတများ၊ စခန်းတွင်း ဆောင်ရွက်ချက်များ လွှင့်တင်ပေးခြင်း၊ သတင်းမီဒီယာများတွင်ကြော်ငြာခြင်း၊ သတင်းထုတ်လွှင့်ခြင်း၊ အခမ်းအနားများပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဖြင့် အများပြည်သူ လာရောက်လည်ပတ် နိုင်ရန် ဖိတ်ခေါ်လျက်ရှိပါသည်။ ထို့အပြင် စခန်းသို့ ပြည်သူများ လာရောက်အပန်းဖြေ လည်ပတ်လာစေရန်နှင့် လာရောက်လည်ပတ်သူများ ထပ်မံ၍ လာရောက်လည်ပတ်စေရန် နည်းလမ်းများကို တာဝန်ရှိသူများက အမြဲတီထွင်ကြံဆ ဆောင်ရွက် လျက်ရှိသည်။

ရည်ရွယ်ချက် (၂)ကို ဖော်ဆောင်သည့်အနေဖြင့် ငလိုက်စခန်းသာ ဆင်စခန်းတွင် ဆင်များ၏ သဘောသဘာဝ အသိပညာဗဟုသုတများကို စခန်းတာဝန်ရှိသူများက လိုက်ပါရှင်းလင်းပြောကြားပေးခြင်း၊ အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူထားခြင်း၊ ဆင်ပြတိုက်တစ်ဆောင် ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ထားသည်။ ယင်းဆင်ပြတိုက်တွင် ဆင်များ၏ ခန္ဓာဗေဒဖွဲ့စည်းပုံ၊ ဆင်စွယ်အမျိုးအစားများ၊ သစ်ဆွဲကိရိယာများ၊ သစ်ထုတ်လုပ်မှု လုပ်ငန်းစဉ်များ၏ ပုံစံငယ်များ၊ ဆင်ဝိုင်းဖွဲ့စည်းပုံ ပုံစံငယ်စသည်တို့ကို စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားသည်။ စာရေးသူတို့လို ဆင်အကြောင်း စိတ်ပါဝင်စားသူများအတွက် ဆင်ပြတိုက်သည် အချိန်ယူပြီး လေ့လာချင်စရာ နေရာတစ်ခု ဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အခြေခံ ပညာကျောင်းသား ကျောင်းသူများ လာရောက်လေ့လာရန်အတွက် ဆင်စခန်းတာဝန်ခံများနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ရည်ရွယ်ချက် (၃)ကို ဖော်ဆောင်သည့် အနေဖြင့် ဆင်စားကျက်နေရာများကို ထိန်းသိမ်းကာကွယ်ရာတွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ စခန်းဧရိယာအတွင်းရှိ သစ်မျိုးများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ ၁၉၈၄ ခုနှစ် ထင်းရှူးစိုက်ခင်း၊ ၁၉၈၅ ခုနှစ် သက်ကြီးပိတောက်စိုက်ခင်း၊ ၁၉၈၅ ခုနှစ် သက်ကြီးကျွန်းစိုက်ခင်း၊ စခန်းဧရိယာ အတွင်း ၂၀၂၀ ပြည့်နှစ် သစ်မျိုးစုံစိုက်ခင်းတို့ကို စိုက်ပျိုးထားရှိရာ  ယင်းစိုက်ခင်းများကိုလည်း လေ့လာကြည့်ရှုအပန်းဖြေနိုင်သည်။ ထို့အပြင် ဆင်စခန်းပတ်ဝန်းကျင်တွင် ရေဝေရေလဲစိုက်ခင်း တစ်နှစ်လျှင် ၂၅ ဧကနှုန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မှ စတင် စိုက်ပျိုးနေပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ ရေဝေရေလဲစိုက်ခင်းပေါင်း ၁၂၅ ဧက စိုက်ပျိုးနိုင် ရေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ရည်ရွယ်ချက် (၄) ကိုဖော်ဆောင်သည့်အနေဖြင့် ဆင်စခန်းအတွင်း စားသောက်ဆိုင်များ ဖွင့်လှစ်ခွင့်ပြုထားခြင်း၊ စခန်းသို့ လာရောက်လည်ပတ်သူများ လှေစီးလည်ပတ်နိုင်ခြင်း၊ ဆင်စခန်းအနီးမှ ကျေးရွာသူ ကျေးရွာသားများကို ဝန်ထမ်းအဖြစ်ခန့်ထား သုံးစွဲခြင်း စသည်တို့ကြောင့် ဆင်ဝန်ထမ်း မိသားစုဝင်များ၊ လှေသမားများ၊ စခန်းအနီး ကျေးရွာနေပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများ အထိုက်အလျောက် ပံ့ပိုးပေးနိုင်သော ဆင်စခန်းတစ်ခု ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ဆင်ဝန်ထမ်းတို့သည် တောတွင်း သစ်ကွက်များတွင်သာ နေထိုင်ရ၍ သားသမီးများ ပညာရေး၊ ကျန်းမာရေးကို သီးခြား စီစဉ်ဆောင်ရွက်ရပါသည်။ ဆင်စခန်းများသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော ကျေးရွာ၊ မြို့ပြများတွင် တည်ရှိသောကြောင့် ဆင်ဝန်ထမ်းမိသားစုများအနေဖြင့် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများ၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု အခွင့်အလမ်းများ ပိုမို တိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်ပါသည်။

 

mdn

 

ဝင်ငွေအများဆုံးရရှိသော ဆင်စခန်း

 

နောက်ဆုံးရည်ရွယ်ချက်ကို ဖော်ဆောင်ရာတွင်လည်း ငလိုက်စခန်းသာ ဆင်စခန်းသည် ဝင်ငွေ အများဆုံး ရရှိသော ဆင်စခန်းများတွင် အမြဲတမ်းပါဝင်သော ဆင်စခန်းတစ်ခု ဖြစ်ပါသည်။ စခန်းစတင်ဖွင့်လှစ်သည့်ရက်မှ ၂၀၂၃ ခုနှစ်ဒီဇင်ဘာလ အထိ ပြည်တွင်း လာရောက်လည်ပတ်သူများထံမှ ဝင်ငွေကျပ် ၂၆၄ ဒသမ ၆၈၉ သန်း ရရှိပြီး ပြည်ပမှ လာရောက်လည်ပတ်သူများထံမှ ဝင်ငွေကျပ် ၂၀ ဒသမ ၉၉၇ သန်း၊ စုစုပေါင်း ဝင်ငွေကျပ် ၂၈၅ ဒသမ ၆၈၆ သန်းကို နိုင်ငံတော်အတွက် ရှာဖွေပေးနိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်အတွင်းတွင်လည်း ဝင်ငွေ အများဆုံးရရှိသော ဆင်စခန်းတစ်ခုဖြစ်ခဲ့ကာ ဧပြီလမှ ဒီဇင်ဘာလအတွင်း ပြည်တွင်းလာရောက် လည်ပတ်သူများထံမှ ကျပ် ၂၅၆ ဒသမ ၇၈၅ သိန်း၊ ပြည်ပလာရောက်လည်ပတ်သူများထံမှ ကျပ် ၄ ဒသမ ၇၁ သိန်း၊ စုစုပေါင်း ကျပ် ၂၆၁ ဒသမ ၄၉၅ သိန်းကို ရှာဖွေပေးနိုင်ခဲ့သည်။

ငလိုက်စခန်းသာ ဆင်စခန်းတွင် အများပြည်သူ လေ့လာအပန်းဖြေနိုင်ရေးအတွက် တစ်ဆက်တစ်စပ် တည်းဖြစ်သော သစ်သားတံတားများကို ရွက်အုပ်ဖြတ်လျှောက်လမ်းတံတား၊ တောတွင်းဖြတ်လျှောက် လမ်းတံတား၊ ကြိုးတံတား၊ ရေပေါ်ဗောတံတား စသည်ဖြင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုအတိုင်း တည်ဆောက်ထားရှိသည်။ ထို့အပြင်အများပြည်သူ အပန်းဖြေနားနေနိုင်ရေးအတွက် ဆင်စခန်းတွင် ဓာတ်ပုံရိုက်ကူးနိုင်ရန်နေရာများ၊ ဆင်စာဘူဖေးကျွေးမွေးနိုင်ခြင်း၊ ကလေးကစားကွင်းများ၊ ပျိုးဥယျာဉ်များကို တည်ဆောက်ထားရှိပြီး ထပ်မံတိုးချဲ့ဆောင်ရွက်ရန် အစီအစဉ်များလည်းရှိကြောင်း၊ ရုံးပိတ်ရက် လာရောက်လည်ပတ်သူများသော နေ့များတွင် ဆင်များ၏ အကနှင့် ဆော့ကစားပြသော ဆင်ပြပွဲ (Elephant Show)များကိုလည်း ပြသဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။

 

ရရှိနိုင်မည့် အခွင့်အလမ်းများ

 

ငလိုက်စခန်းသာ ဆင်စခန်းသို့ လာရောက်သော ပြည်သူများအနေဖြင့် ဆင်များကို ကြည့်ရှုလေ့လာနိုင်ခြင်း၊ ဆင်စီးနိုင်ခြင်း၊ ဆင်ပြတိုက်တွင် ဆင်ဗဟုသုတများ လေ့လာနိုင်ခြင်း၊ သစ်ထုတ်လုပ်မှု လုပ်ငန်းများအကြောင်း လေ့လာနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုပြီး သဘာဝတရားကို ခံစားနိုင်ခြင်း၊ ငလိုက်ဆည်အတွင်း အပန်းဖြေငါးမျှားနိုင်ခြင်း၊ လှေစီးနိုင်ခြင်း၊ ဆင်သရုပ်ပြမှုများကို ကြည့်ရှုခံစားနိုင်ခြင်း စသည့်ဝန်ဆောင်မှုများ ရရှိနိုင်မည်ဖြစ်သည်။

ငလိုက်စခန်းသာ ဆင်စခန်းသည် မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန လက်အောက်ရှိ ဆင်စခန်း ၂၄ ခုအနက် ဆင်စခန်းရည်ရွယ်ချက်များကို အောင်မြင်အောင်စွမ်းဆောင်နိုင်ပြီး အများပြည်သူကို စိတ်အပန်းဖြေနိုင်ရန် အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်သော၊ နိုင်ငံတော်အတွက် ဝင်ငွေကို တိုးတက်အောင်မြင်အောင် စွမ်းဆောင်နိုင်သော ဆင်စခန်းတစ်ခုဖြစ်ရာ ပြည်သူများအနေဖြင့် ဆင်စခန်းသို့ စိတ်အပန်းဖြေ လာရောက် လည်ပတ်ခြင်းသည်လည်း မြန်မာ့ဆင်များ ရေရှည်ထိန်းသိမ်းရေးကို အထောက်အကူ ဖြစ်စေပါကြောင်း။