နေပြည်တော် ၉ ဧပြီ
“အောင်မြင်သော ကျေးရွာတိုင်းတွင် ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများရှိကြသည်” ဆိုသည့်အတိုင်း မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနစ်နာခံ အပင်ပန်းခံပြီး ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ပေးရမည့် ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားအားထုတ်ခြင်းဖြင့် စံနမူနာကောင်းများပြကာ ကျေးရွာသူ/ကျေးရွာသားများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှသာလျှင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်မှုရရှိမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိစိုက်ပျိုး ပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီက ကျင်းပသည့် ကျေးရွာသစ်ခေါင်းဆောင်များညီလာခံ (Myanmar Saemaul Leadership Forum)တွင် ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုကို အရင်းခံ၍ ကျင်းပသော ကျေးရွာသစ် ခေါင်းဆောင်များညီလာခံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဒေါက်တာရဲမြင့်ဆွေ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း ပြည်ပဖွံ့ဖြိုးမှု မိတ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းကျေးရွာများမှ ကျေးရွာခေါင်းဆောင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာ့ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ကိုယ့်အားကိုယ်ကိုးခြင်း၊ လုံ့လဝီရိယရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် ဆယ်မားအူးလ်အွန်ဒုန်စိတ်ဓာတ်များကို အခြေခံပြီး ဆောင်ရွက်ကြရာတွင် ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာသူ ကျေးရွာသားများ၏ တက်ကြွစွာ ပူးပေါင်းပါဝင် ကြိုးပမ်းခဲ့ကြမှုကြောင့် စီမံကိန်းဝင် ကျေးရွာများအားလုံး သိသာသော တိုးတက်အောင်မြင်မှုများ ရရှိနေမှုအပေါ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း။
မြန်မာနိုင်ငံတွင် ဆယ်မားအူးလ်အွန်ဒုန်စီမံကိန်းကို တိုင်းဒေသကြီး/ပြည်နယ် (၁၀) ခု၊ မြို့နယ် (၂၇) မြို့နယ်ရှ ိရှေ့ပြေးစံပြကျေးရွာ (၁၁၀)တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရုပ်ပိုင်း စိတ်ပိုင်းဖွံ့ဖြိုးမှု ရလဒ်ကောင်းတွေ ရရှိနေသကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာမှု အောင်မြင်မှုများကို ရေရှည်တည်တံ့စေရေးနှင့် အခြား ကျန်ရှိနေသေးသည့်ကျေးရွာများပါ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရှေ့ဆောင်လမ်းပြဖြစ်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E Mr. Lee Sang-hwa က မြန်မာနိုင်ငံတွင် ဆယ်မားအူးလ်အွန်ဒုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် စီမံကိန်းဝင် ကျေးရွာများ၏ အောင်မြင်မှုများအတွက် ဂုဏ်ပြုစကား ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ညောင်စဉ်စံပြကျေးရွာ ခေါင်းဆောင် ဦးခွန်ချမ်းသာက ဆယ်မားအူးလ်အွန်ဒုန်စီမံကိန်း အတွေ့အကြုံ၊ ရလဒ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်စံပြ ကျေးရွာဆုများ၊ ထူးချွန်ဝန်ထမ်းဆုရရှိသူများကို ထူးချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ကြပြီး ကိုရီးယားသံအမတ်ကြီးနှင့် ပညာရှင်များအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်သည်။
မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံအကြား ၂၀၁၄ ခုနှစ်မှစ၍ မြန်မာဆယ်မားအူးလ် အွန်ဒုန်ကျေးရွာ သစ်လှုပ်ရှားမှုစီမံကိန်းကို ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စီမံကိန်းအရ အတွေ့အကြုံများ မျှဝေပေးခြင်း၊ ငွေကြေးနှင့် နည်းပညာဆိုင်ရာများ ကူညီထောက်ပံ့ပေးခြင်းတို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ် (၁၀)ခု၏ မြို့နယ်(၂၇)မြို့နယ်ရှ ိရှေ့ပြေးစံပြကျေးရွာ (၁၁၀)တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဝင်ငွေတိုးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ ကျေးရွာများတွင် ကိုယ်ပိုင်အရင်းအနှီး မ,တည်ငွေများဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


