ရန်ကုန် ၆   မေ 

 

မြန်မာ့ခရီးသွားဘဏ်ကို ရန်ကုန်မြို့၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ စိုက်ပျိုးရေးမှတ်တိုင်အနီး အမှတ် ၄၃၇ (က)တွင် ယနေ့ စတင်ဖွင့်လှစ်ကြောင်း သိရသည်။ 

 

အဆိုပါဘဏ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်း နိုဗိုတယ်ဟိုတယ်တွင် ကျင်းပ ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အဖွင့်အမှာစကားပြော ကြားပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

 

age IMG_2

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် “ခရီးသွား လုပ်ငန်းတိုးတက်လာတာနဲ့အမျှ ကမ္ဘာက မြန်မာနိုင်ငံကို ပိုမိုသိရှိလာမယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလည်း ခရီးသွားလုပ်ငန်းကနေ ဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အစိုးရက အခုအခါမှာ ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍပေါင်းစုံမှာ တိုးတက်ဖို့ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေပါ တယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလဲ ဖိတ်ခေါ်လျက်ရှိသလို လိုအပ်တဲ့အခြေခံအဆောက်အဦ တိုးတက် ရေးတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် မြန်မာ့ခရီးသွားဘဏ်အဆောက်အဦကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ခရီးသွားဘဏ်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ 

 

မြန်မာ့ခရီးသွားဘဏ်အနေဖြင့် ခရီးသွားကဏ္ဍအပေါ် အထောက်အကူပြုမှုနှင့်ပတ်သက်၍ မြန်မာ့ခရီးသွား ဘဏ် ဥက္ကဋ္ဌ ဦးရန်ဝင်းက “ဘဏ်စဖွင့်ကတည်းက ရည်ရွယ်ချက်က ခရီးသွားကဏ္ဍကြီးဖွံ့ဖြိုးဖို့အတွက်ကို အထောက်အကူပြုဖို့ ဘဏ်ဖွင့်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရှယ်ယာရှင်တွေကို စခေါ်ကတည်းက ဒီဘဏ်က ရလာတဲ့အကျိုးအမြတ် ၅ ရာခိုင်နှုန်းကို နှစ်စဉ်နှစ်တိုင်း ခရီးသွားကဏ္ဍဖွံဖြိုးဖို့အတွက် သုံးစွဲဖို့ ဝန်ကြီးဌာနနဲ့ ခရီးသွားအဖွဲ့အစည်းတွေကို လှူဒါန်းမယ်ဆိုတာက အရင်ကတည်းက အသိပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခရီးသွားကဏ္ဍကြီးရဲ့ ဖွံဖြိုးဖို့အတွက်ကို နှစ်စဉ်ဘဏ်ရဲ့အမြတ်ထဲက ၅ ရာခိုင် နှုန်းကို လှူဒါန်းသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

ဘဏ်၏ နည်းပညာပိုင်းဆိုင်ရာတွင် ကမ္ဘာ့အဆင့်မီနည်းစနစ်များ ကျင့်သုံးထားပြီး ဗဟိုဘဏ်၏ ခွင့်ပြုချက် ဖြင့် ငွေလွဲစနစ်များ၊ ကတ်စနစ်များကိုလည်း မကြာမီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

 

ဘဏ်ခွဲများအနေဖြင့် ရန်ကုန်နှင့် နေပြည်တော်တွင် ဘဏ်ခွဲတစ်ခုစီဖွင့်လှစ်သွားနိုင်ရန် စီစဉ်လျက်ရှိပြီး တစ်နှစ်အတွင်း ဘဏ်ခွဲပေါင်း ၁၀ ခုဖွင့်လှစ်သွားနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏအနေဖြင့် မြန်မာကျပ်ငွေ ၂၂ ဘီလီယံရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ နိုင်ငံခြားသုံးငွေခွင့်ပြု ချက်ရရှိရန်အတွက် အမေရိကန်ဒေါ်လာ ငါးသန်း ထည့်ဝင်၍ ငွေကြေးဝန်ဆောင်မှုများကို စတင်လည်ပတ် တော့မည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - အာကာစိုး

 

IMG_20