မြန်မာ့လွတ်လပ်ရေး ရာဇဝင်မော်ကွန်း

နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေး

 

ကောင်းဈာန်သိမ်း

 

ဥရောပတိုက်တွင် စစ်ကြီးဖြစ်လာသောအခါ မြန်မာမျိုးချစ်များ အတွေးအခေါ်နှင့် လုပ်ငန်းစဉ်များ ပြင်ဆင်လာသည်။ ဒို့ဗမာ အစည်းအရုံး နှစ်ခြမ်းလုံးမှ ခေါင်းဆောင်များသည် အင်္ဂလိပ်အခက် မြန်မာအချက်ဟု မြင်ကြသည်။ ထို့နောက် ၁၉၃၉ ခုနှစ် အောက်တိုဘာလတွင် ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းလိုက်သည်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကို လွှတ်တော်အပြင်မှ ဆင်နွှဲကြတော့သည်။ လူငယ်များက ဗမာ့တော်လှန်ရေးပါတီကို ဖွဲ့စည်းပြီး လက်နက်နှင့်စစ်ကူကို နိုင်ငံခြားမှရယူမည်။ ပြီးလျှင် လွတ်လပ်ရေးကို တိုက်ယူမည်။

 

စစ်ပညာသင်

ထို့နောက် သခင်အောင်ဆန်း မြေလျှိုး၍ပျောက်သွား သည်။ ဂျပန်နိုင်ငံသို့ သွားရောက်၍ စစ်ကူယူသည်။ မြန်မာ ပြည်မှ ထပ်မံ၍ လူငယ်တစ်စုကိုခေါ်ယူကာ စစ်ပညာသင်သည်။ ရဲဘော်သုံးကျိပ်နှင့် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီး ပေါ်လာသည်။ မြန်မာပြည်သို့ စစ်ဦးလှည့်သောအခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးသည် အောင်လံတလူလူဖြင့် ချီတက်လာသည်။ မြန်မာပြည် မြောက်ဘက်စွန်းမှ တပ်ခေါက်သည်။ ကျောင်းသား၊ ဆရာ၊ လယ်သမား၊ အလုပ်သမား၊ နိုင်ငံရေးသမား ထောင်သောင်းချီ၍ တပ်မတော်တွင် ပါဝင်ချီတက်သည်။ ဗန်းမော်မှ တပ်ပြန်ခေါက်သောအခါ တပ်မတော်၏ အင်အားသည် ငါးသောင်းမျှ ရှိသည်။

 

ဗိုလ်အောင်ဆန်းလို သူရဲကောင်းများ

ဗမာ့လွတ်လပ်ရေးတပ်မတော်သည် စစ်တပ်မျှသာမဟုတ် စိတ်ဓာတ်ဖြစ်ခဲ့သည်။ တစ်မျိုးသားလုံး၏ အောင်စိတ်၊ လွတ်လပ်လိုစိတ်ကို စုပေါင်းထားသော စိတ်ဓာတ်ပြန်လည်၍ အသက်သွင်းထားခြင်း ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ဖွဲ့စည်းသည်။ ယခု အောင်ဆန်းအားကစားကွင်းနေရာ တွင် တပ်မတော်သားတစ်သောင်း စစ်ရေးပြပြီး အထက်အညာသို့ချီတက်သည်။ ဘီအိုင်အေကို ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ရုပ်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)ကို ဖွဲ့စည်းသည်။ ဗိုလ်အောင်ဆန်းလို သူရဲကောင်းများမွေးရ မည်ဟူသောသီချင်းများ ခေတ်စားလာသည်။

 

3-1-2019

 

ဖက်ဆစ်တို့ လက်နက်ချ

၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ပြီဖြစ်ကြောင်း ကြေညာသည်။ ထိုလွတ်လပ်ရေးသည် အတုအယောင် လွတ်လပ်ရေးသာ ဖြစ်သည်။ မြန်မာတို့သည် ကျပ်မပြည့်သော လွတ်လပ်ရေးကို မခုံမင်၊ စစ်ဘေးစစ်ဒဏ်ကို အားခဲ ခံရင်း ဖက်ဆစ်တော်လှန်ရေးကို ကြံသည်။ စည်းလုံးသည်။ အတုအယောင် အဓိပတိကိုမလို၊ ဗိုလ်ချုပ်အောင်ဆန်းသာ လိုသည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ဂျပန်တော်လှန်ရေးကို ဆင်နွှဲသည်။ တော်လှန်ရေးသည် ငါးလ၊ ခြောက်လသာ ကြာသည်။ ဖက်ဆစ်တို့ စစ်ရှုံး၍ လက်နက်ချသည်။ ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးဆုံးတော့သည်။

 

လွှမ်းမိုးရန်ကြ

ဖက်ဆစ်တော်လှန်ရေးကာလတွင် ရန်သူကို မတိုက်ဘဲ ဝါဒတိုက်ပွဲဆင်နွှဲနေသည်မှာ ကွန်မြူနစ်တို့ ဖြစ်သည်။ နယ်ချဲ့တိုက်ပွဲ၊ လွတ်လပ်ရေးတိုက်ပွဲသည် အပြီးတိုင်ရောက်မည်ဟု ယုံကြည်ထားသောကြောင့် ၎င်းတို့ဝါဒကို လွှမ်းမိုးရန် ကြံတော့သည်။ နှစ်ပေါင်းတစ်ရာကျော် အုပ်ချုပ်ခဲ့သောနယ်ချဲ့တို့ကို ဖက်ဆစ်အကူအညီဖြင့် တွန်းလှန်နိုင်ခဲ့သည်။ စစ်နိုင်သောအခါ မင်းသား ခေါင်းဆောင်းထားသော ဘီလူးအသွင်ဖြင့် ဖက်ဆစ်တို့ ပေါ်လာသည်။ ထိုအခါ အင်္ဂလိပ်နှင့်ပင် လက်တွဲ၍ ဖက်ဆစ်တို့ကို တော်လှန်ရပြန်သည်။ ပြီးလျှင် လွတ်လပ်ရေးအတွက် အင်္ဂလိပ်တို့ထံတွင် အရေးဆိုရဦးမည် ဖြစ်သည်။