ကောင်းဈာန်သိမ်း
ကိုလိုနီနယ်မြေချဲ့ထွင်လိုသူတို့သည် မြန်မာနိုင်ငံသို့ အေဒီ ၁၈ ရာစုအစောပိုင်းကာလကတည်းက အကြောင်းအမျိုးမျိုးရှာဖွေကာ ရောက်ရှိလာခဲ့ကြသည်။ ၁၈၂၄ ခုနှစ်တွင် ရှင်မဖြူကျွန်းအရေးကို အကြောင်းပြု၍ ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲဖြစ်ပွားပြီး ၁၈၂၅ ခုနှစ်တွင် တနင်္သာရီနှင့် ရခိုင်ကို ဆုံးရှုံးခဲ့သည်။ ထိုမှ ၂၇ နှစ်အကြာ ၁၈၅၂ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲဆင်နွှဲ၍ မြန်မာပြည်အောက်ပိုင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ၃၃ နှစ်အကြာ ၁၈၈၅ ခုနှစ်တွင် ဘုံဘေဘားမားသစ်ကိစ္စကို အကြောင်းပြု၍ တတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲဖြစ်ပွားပြီး မြန်မာတို့အားမတန်တော့သည့်အချိန်တွင် ဘုရင့်အမိန့်တော်အရ လက်နက်ချအရှုံးပေးလိုက်ရသည်။
ထိုနေ့သည်ကား မြန်မာသက္ကရာဇ် ၁၂၄၇ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၆) ရက်။ ခရစ်နှစ် ၁၈၈၅ ခု၊ နိုဝင်ဘာလ ၂၇ ရက် (သောကြာနေ့) မန္တလေးမြို့နှင့်မလှမ်းမကမ်း ညနေဆည်းဆာနေဝင်ရီတရောအချိန်။ အင်းဝခံတပ်၊ သပြေတန်းခံတပ်၊ စစ်ကိုင်းခံတပ်တို့တွင် နယ်ချဲ့တို့အား ခုခံတိုက်ခိုက်ရန် တပ်စွဲထားသော မြန်မာတို့၏အင်အားမှာ စုစုပေါင်း ၈၀၀၀ ထက်မနည်းပေ။ ယင်းတို့အနက် တပ်သား ၆၀၀၀ ခန့်တွင် ဘေးဖွင့် ရိုင်ဖယ်သေနတ်များနှင့် အမြောက်ကြီးများကို ကိုင်စွဲထားကြသည်။ ကျန်တပ်သား ၂၀၀၀ ခန့်တို့မှာ ဓားများ၊ လှံ များကို ကိုင်စွဲထားကြသည်။
အမိန့်မရ လက်နက်ချ
ဂျင်နရယ်ပရင်ဒါဂတ်က အဆိုပါခံတပ်များရှိ မြန်မာတပ်များအား အမြန်ဆုံးလက်နက်ချအပ်ရမည်ဟု မြန်မာကိုယ်စားလှယ်များထံ တောင်းဆိုလိုက်လေ သည်။ မြန်မာကိုယ်စားလှယ်နှစ်ဦးက သွားရောက်၍ ခံတပ်ရှိ မြန်မာတပ်မှူးကြီးအား လက်နက်ချအပ်ရန်ပြောဆိုညွှန်ကြားသော်လည်း ထိုခံတပ်၏ ဦးစီးအရာရှိဖြစ်သူ ဗိုလ်မှူး ကင်းအတွင်းဝန်က -
“ရှင်ဘုရင်၏ အမိန့်တစ်ပါး မည်သူ၏အမိန့်ကိုမျှ မနနာခံနိုင်။ ရှင်ဘုရင်ထံမှ အမိန့်မရသမျှ လက်နက်မချ" ဟု တင်းမာစွာ ငြင်းဆိုနေ၏။ ကျောက်မြောင်းအတွင်းဝန် နှင့် ကော်မစွတ်ဝန်ထောက်တို့လည်း အခြေအနေကို လွှတ်တော်သို့ ကြေးနန်းဖြင့် ချက်ချင်အစီရင်ခံရလေသည်။ ဤအတွင်း၌ ၁၁ မိုင်မျှဝေးကွာသော မန္တလေးရှိ ဘုရင်မင်းမြတ်ထံမှ “မြန်မာတပ်များ လက်နက်ချတော့” ဟူသောကြေးနန်းအမိန့် ရောက်ရှိလာလေသည်။
သူရဲကြီးအောင်လံတော်
မြန်မာတပ်များလည်း မချင့်မရဲ တက်တခေါက်ခေါက်နှင့်ပင် မိမိတို့၏သေနတ်များကို ရိုက်ချိုးပြီး ခံတပ်များမှ ဝမ်းနည်းယူကျုံးမရ ထွက်ခွာသွားကြလေတော့သည်။ မြန်မာစစ်သည်တော်တို့ စွန့်ခွာသွားသော အင်းဝ ခံတပ်တွင် ရဲရဲနီနေသော သူရဲကြီးအောင်လံတော်နှစ်ခုတို့မှာ မြင့်မားသော အလံတိုင်ထိပ်မှ လေထဲတွင် တဖျပ်ဖျပ်လွင့်နေ၏။ အင်္ဂလိပ်တပ်သားများသည် မြန်မာ့တပ်မတော်၏ အဆိုပါ အောင်လံတော်များကိုအောက်သို့ဆွဲချပြီး ထိုနေရာတွင် အင်္ဂလိပ်အမျိုးသားအလံ ယူနီယံဂျက်ကို လွှင့်ထူလိုက်လေသည်။
မြန်မာသက္ကရာဇ် ၁၂၄၇ ခု တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ ခရစ်နှစ် ၁၈၈၅ ခု နိုဝင် ဘာလ ၂၉ ရက် (တနင်္ဂနွေနေ့)၊ မြန်မာ့သမိုင်းတွင် ထီးသုဉ်း နန်းသုဉ်း ကြငှန်းသုဉ်းသည့် အဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ရသည့်နေ့။
တိုင်းပြည်နှင့်လူမျိုး နယ်ချဲ့ဗြိတိသျှလက်အောက်သို့ လုံးဝကျရောက်၍ ရှေးမြန်မာတို့၏ ထုံးတမ်းအစဉ်အလော အုပ်ချုပ်ရေးစနစ်၊ လူမှုရေးစနစ်၊ စီးပွားရေးစနစ်နှင့် အခြေအနေအရပ်ရပ်တို့ သွင်သစ်သို့ စတင်ကူးပြောင်း သည့်နေ့ဖြစ်သည်။ မြန်မာမျိုးချစ်တပ်မတော်သားများ မိမိတို့၏ ခံတပ်နှင့်လက်နက်များကို စွန့်လွှတ်၍ သင့်တော်ရာသို့ ထွက်ခွာသွားကြပြီးနောက် အင်္ဂလိပ် စစ်တပ်ကြီးသည် မြန်မာဘုရင် ထီးနန်းစိုက်ရာ ရတနာပုံ နန်းတော်အထိ သေနတ်တစ်ချက်မျှ မပစ်မဖောက်ရဘဲ ချီတက်လာခဲ့ကြသည်။ ထို့နောက် ကာနယ်စလေဒင်က သီပေါဘုရင်အား နန်းချကာ ဤနေ့ နေဝင်ရီတရောအချိန်တွင် မန္တလေး ဂေါဝိန်ဆိပ်မှ သူရိယသင်္ဘောပေါ်သို့ ခေါ်ဆောင်သွားသည့် အရှင်နှစ်ပါး ပါတော်မူပုံမြင်ကွင်းမှာ ရင်နာဖွယ်၊ ဝမ်းနည်းဖွယ်၊ ကြေကွဲဖွယ်ကောင်းလှပေသည်။
အခမ်းအနားမပါဗလာသက်သက်ဖြင့် စစ်ဗာရီများခြံရံလျက် ကြက်ကလေး၊ ငှက်ကလေးသဖွယ် ဗီရိုလှည်းဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုနေ့တိုင်မီတိုင်းပြည်မှာ ကျဆုံးခဲ့ပြီးဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။ ယင်းနေ့သည် အင်းဝခံတပ်မှ မြန်မာ့သူရဲကြီး အောင်လံတော်ကို ဗြိတိသျှစစ်သားများက အလံတိုင်မှ ဆွဲချခဲ့သောနေ့ဖြစ်သည်။
မြန်မာ့လွတ်လပ်ရေး
မြန်မာနိုင်ငံ နယ်ချဲ့ဗြိတိသျှလက်အောက်သို့ ကျရောက်သည်နှင့် တိုင်းတစ်ပါးလက်အောက်ခံအဖြစ် မနေလိုကြ သည့် မြန်မာမျိုးချစ်သူရဲကောင်းများက ရရာလက်နက်စွဲကိုင်၍ အချိန်ကာလအတိုင်းအတာတစ်ခုအထိ တွန်းလှန်ခဲ့ကြပြီး အားမတန်သည့်အခါမှ တွန်းလှန်မှုကို တစ်ခန်းရပ်ခဲ့သည်။ ထို့နောက် အမျိုး၊ ဘာသာ၊ ပညာဘက်မှ အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ် ထက်သန်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ကမ္ဘာတွင် ဒုတိယကမ္ဘာစစ် ကြီးဖြစ်လာသောအခါ အင်္ဂလိပ်အက် - ဗမာ့အချက်ဟု ကြွေးကြော်ပြီး ဖက်ဆစ်တို့၏အကူအညီဖြင့် နယ်ချဲ့ဗြိတိသျှတို့ကို တွန်းလှန်တိုက်ထုတ်ခဲ့ကြသည်။ တစ်ဖန် ဖက်ဆစ်တို့ကို ပြန်လည်တွန်းလှန်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ကာ မြန်မာ့ လွတ်လပ်ရေးကို ပြန်လည်ရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ကြိုးပမ်းခဲ့ရာ နယ်ချဲ့ ဗြိတိသျှတို့ လွတ်လပ်ရေးပေရတော့မည့်နေ့သို့ ရောက်လာခဲ့သည်။
ထိုနေ့သည်ကား မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသို လဆုတ် ၉ ရက်။ ခရစ်နှစ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ လ ၄ ရက် (တနင်္ဂနွေနေ့) ။ မြန်မာနိုင်ငံအတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကောင်းမြတ်သန့်စင်သည့် နံနက်အရုဏ်တက်ချိန်။
ပျဉ်မဆုံး မော်မဆုံး
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ညက ရန်ကုန်မြို့တစ်ခွင်၌ အအေးဓာတ်များ လွှမ်းခြုံနေသည်။ရန်ကုန်မြို့သူ၊ မြို့သားများသည် မနက်ဖြန်နံနက်တွင် လုံးဝလွတ်လပ်သည့် နိုင်ငံတော်အဖြစ်သို့ ရောက်ရှိတော့မည့် မင်္ဂလာရှိသည့် သတင်းကို ကြိုတင်ကြားသိကြပြီးဖြစ်သည်။ နှစ်ပေါင်း တစ်ရာကျော် ပျောက်ဆုံးခဲ့ရသော မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိတော့မည့်အတွေးသည်ညဉ့်နက်ချိန် ချမ်းချမ်းစီးစီးမှနံနက်စောစော မြူနှင်းများတပြိုက်ပြိုက်ကျသည့် အချိန်အထိ မြို့သူ၊ မြို့သားများမှာ အိပ်မပျော်နိုင်တော့ဘဲ အတွေးနယ် အမျိုးမျိုး ချဲ့နေကြသည်။ ပြည်သူတို့၏ အမျှော်လင့်ဆုံး၊ အလိုလားဆုံး လွတ်လပ်ရေးအောင်ပန်း ကြီးကို လက်ဝယ်ပိုင်ပိုင်ရရှိပုံမှာ မည်သို့ပါနည်းဟု စိတ်ကူးနေသည်။ ထိုသို့ စိတ်အားထက်သန်မှုများကြောင့် ရန်ကုန်မြို့နေပြည်သူများမှာ မည်သူမျှ အိပ်စက်နိုင်ခြင်း မရှိပေ။ အိမ်တိုင်းအိမ်တိုင်း ညလုံးပေါက် မိုးအလင်း မီးထွန်း ထားကြပြီး ညဉ့်သန်းခေါင်ကျော်၍ နံနက်စောစော ချမ်းချမ်းစီအီးတွင် နှစ်ပေါင်တစ်ရာကျော် ပျောက်ဆုံးခဲ့ သည့် လွတ်လပ်ရေးအောင်လံတော် လွှင့်ထူမည့်နေရာ အသီးသီးသို့ စုဝေးရောက်ရှိလာကြသည်။
ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ တိတိ အချိန်တွင် ရန်ကုန်မြစ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော မြန်မာ့ရေတပ်မတော် မေယုသင်္ဘောနှင့် ဗြိတိသျှ ရေတပ်မတော် အိပ်ခ်ျ-အမ်-အက်စ်ဘာမင်ဂန် သင်္ဘောဆီမှ အမြောက်ပစ်ဖောက်သံများကို ရန်ကုန်တစ်မြို့လုံး ကြားလိုက်ရသည်။ အမြောက်ပစ်ဖောက်သံသည် မိုးလုံးလျှံမက တစ်မြို့လုံး မြည်ဟိန်းသွားသည်။ တဒိန်းဒိန်း အမြောက်ပစ်ဖောက်သံများသည် မြို့သူမြို့သားများ၏နှလုံးသားများကိုတဒုံးဒုံဆုကာ တဖြန်းဖြန်းထစေခဲ့သည်။ “ဪ- ဒီအချိန်ဟာ ငါတို့ဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးကြီး အမှန်တကယ် ပြန်ရပါပြီကော" ဟု ကြည်နူးလှိုက်လှဲ အူထဲအသည်းထဲမှဝမ်းပန်ဘာသာဖြင့် ပျော်မဆုံးမော်မဆုံး ဖြစ်ခဲ့ကြသည်။
အလံတင်အခမ်းအန
ထိုသို့ အမြောက်ပစ်ဖောက်လိုက်သည်နှင့် တစ်ပြိုင်နက် လွတ်လပ်ရေးကြေညာသည့် အခမ်းအနားကို ရန်ကုန် မြို့ ဝန်ကြီးများရုံးအတွင်းရှိ တိုင်းပြည်ပြုလွှတ်တော် အဆောက်အအုံနှင့် မြန်မာပြည်ကိုအုပ်ချုပ်ခဲ့သော ရန်ကုန်မြို့ အလုံလမ်းရှိ ဗြိတိသျှဘုရင်ခံ၏အိမ်တော် (အစိုးရအိမ်တော်) တို့တွင် ကျင်းပရာ လွှတ်တော်နှင့် အိမ်တော်ရှေ့ရှိ အလံတိုင်အသီးသီးတွင် ယူနီယံဂျက်အလံ ကိုအောက်သို့ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို လွှင့်တင်သည့်အခမ်းအနားအား ဦးစွာ အစီအစဉ်အတိုင်း ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့၏။
လွတ်လပ်ရေးကြေညာသည့်အခမ်းအနားသို့ သမ္မတကြီးစဝ်ရွှေသိုက်၊ ဝန်ကြီးချုပ် သခင်နုနှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ ပျော်ဘွယ်ဦးမြ၊ ဟိုက်ကုတ်လွှတ်တော် တရားဝန်ကြီးချုပ် ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဟာမင်းကြီးများ၊ နိုင်ငံခြားအထူးသံတမန်များ တိုင်းမင်းကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ အတွင်းဝန်များ၊ ဒေသန္တရအဖွဲ့ကိုယ်စားလှယ်များ၊ ရှေ့နေရှေ့ရပ်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ကုန်သည်ကြီး အသင်းလေးသင်းမှကိုယ်စားလှယ်များ၊ ရန်ကုန်ရာဇဝတ် တရားသူကြီးများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ထိုသမိုင်းဝင် အခမ်းအနားကြီးကို မှတ်တမ်းတင်ဓာတ်ပုံနှင့် ရုပ်ရှင်ရိုက်ကူးရန်ပြည်တွင်း ပြည်ပ ရိုက်ကူးရေးအဖွဲ့များက သင့်စောင့်ဆိုင်နေကြသည်။
တိုင်ထိပ်ဖျားတလူလူတက်
မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က အသင့်ဖွင့်ထားသည့် မီးမောင်းကြီးများမှ ထွန်းလင်းတောက် ပနေသည့် မီးရောင်အောက်တွင် အလံတင်အခမ်းအနားကြီးမှာ အထူးစိတ်ဝင်စား စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ လွှတ်တော်ရှေ့နေရာတွင်ဆိုင်ရာဆိုင်ရာ နိုင်ငံတော်အလံကို ရုပ်သိမ်းခြင်း၊ လွှင့်ထူခြင်း ပြုလုပ်ရန် အဆင်သင့်စောင့်ဆိုင်းနေကြသည့် မြန်မာ့ရေတပ်မတော်သားများနှင့် ဗြိတိသျှရေတပ်မတော်သားများသည် နံနက် ၄ နာရီ မိနစ် ၂၀ အချိန် အမြောက်ပစ်သံများ ပေါ်ထွက်လာသည် နှင့် နှစ်ပေါင်း တစ်ရာကျော် မြန်မာ့မြေတွင် တလူလူလွှင့်ထူခဲ့သည့် အလံတိုင်ထိပ်ဖျားမှ ယူနီယံဂျက်အလံကို တဖြည်းဖြည်းလျှော့ချမြေသို့ကျစေပြီး တစ်ချိန်တည်းမှာပင် နှစ်ပေါင်းများစွာ မြန်မာ့မြေပေါ်တွင် ပျောက်ကွယ် ခဲ့ရသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံသည် တိုင်ထိပ်ဖျားသို့ တလူလူထိုးတက်၍ တလွင့်လွင့်ဖြင့် အောင်လံလွှင့်ထူနိုင်ခဲ့သည်။
လွှတ်တော်တွင် နိုင်ငံတော်အလံတင်အခမ်းအနား ပြီးဆုံးပြီးနောက် နံနက် ၆ နာရီ မိနစ် ၅၀ အချိန်တွင် အလုံလမ်းရှိ ဘုရင်ခံအိမ်တော် အစိုးရအိမ်တော်၌ လွတ်လပ်ရေးကြေညာသည့် အလံချ၊ အလံတင်အခမ်း အနားကို ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားတွင် ယူနီယံဂျက်အလံကို ရုပ်သိမ်းမည့် ဗြိတိသျှဘုရင်ခံ ဆာဟူးဗတ်ရန့်(စ်)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံကို လွှင့်ထူမည့် နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်တို့ သည် ဆိုင်ရအလံတိုင်အနီးတွင် နေရာယူကြပြီးနောက် ယူနီယံဂျက်အလံကို တဖြည်းဖြည်းမြေသို့ချပြီး နိုင်ငံတော်အလံသည် ငှားငှားစွင့်စွင့် အလံတိုင်ထိပ်အမြင့်သို့ ရောက်လာခဲ့သည်။
အသက်နှလဲ ကာကွယ်
ဆိုလိုရင်းမှာ နိုင်ငံတော်ကိုယ်စားပြု အလံတော်တစ်ခုသည် အထက်သို့တလူလူတက်၍ အောင်လံတဝင့်ဝင့် ငှားစွင့်စွင့် လွှင့်ထူနိုင်ခြင်းနှင့် အောက်သို့လျှောကျသက်ဆင်း ရုပ်သိမ်းခြင်းနှစ်မျိုး၏ ခံစားချက်နှင့် အနှစ်သာရကို လှစ်ဟလိုခြင်း ဖြစ်ပါသည်။
နိုင်ငံတော်အလံဟူသည်ကား နိုင်ငံနှင့်လူမျိုးအတွက် အမြတ်တနိုးတန်ဖိုးထားရာ၊ အလေးအမြတ်ပြုရာ၊ အထွတ်အထိပ်ဖြစ်သည့် လက္ခသင်္ကေတ ဖြစ်ပါသည်။ စစ်မြေပြင်တွင် မည်သို့ပင်အခြေအနေရှိသည် ဖြစ်စေ နောက်ဆုံးအချိန်အထိ လှေခွက်ချည်းကျန်အလံမလှဲ စတမ်းဟူ၍ နိုင်ငံအလံကိုတန်ဖိုးထားကာ အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ကြပါသည်။
သာမန်အချိန် နိုင်ငံတော်အလံတင်၊ အလံချပြုလုပ်ခြင်းကိုပင် အလေးအမြတ်ထား၍ ပတ်ဝန်းကျင်မှ တစ်ယောက်မကျန် သတိမှု တန်ဖိုးထားကြပြီး နှစ်ပေါင်း တစ်ရာကျော် ဆုံးရှုံးခဲ့သော နိုင်ငံတော်အလံကို ပြန်လည် လွှင့်တင်နိုင်ခြင်းနှင့် နှစ်ပေါင်းတစ်ရာကျော် ပိုင်စိုးခဲ့သော အလံတော်ကို လျှောကျမြေခ ဖျက်သိမ်းရ ခြင်းသည် မည်မျှတန်ဖိုးကြီးမားသည်ကို မှန်းဆကြည့် နိုင်ပါသည်။ယင်းတို့ကိုကိုယ်တိုင်ဆောင်ကြဉ်းကြပါသော ပုဂ္ဂိုလ်တို့၏ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း ခံစားမှုများမှာ ပြောပြ၍ပင် ရနိုင်မည်မထင်ပေ။ အလံတိုင်ထိပ်မှ မြေသို့ ကျ၍လာသော အလံပိုင်ရှင် ဗြိတိသျှတို့၏ အတွင်းစိတ် သဏ္ဌာန်ခံစားချက်များနှင့် အလံတိုင်ထိပ်သို့ တလူလူတက် လွှင့်ထူခဲ့ကြသော လွတ်လပ်ရေး အလံပိုင်ရှင် မြန်မာတို့၏ ရင်တွင်းခံစားချက်များ မည်မျှရှိမည် ကိုလည်း တွေးဆကြည့်နိုင်ပေသည်။ ယင်းအလံတင်၊ အလံချ ခံစားချက်များနှင့်အတူ လွန်ခဲ့သည့် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နေဝင်ဆည်းဆာအချိန်တွင် မြန်မာဘုရင့် တပ်မတော်၏ ခံတပ်အတွင်းမှ တလူလူ လွှင့်ထူခဲ့သော မြန်မာသူရဲကြီးအောင်လံတော် ဗြိတိသျှတို့က မြေသို့ဆွဲချခဲ့သည့် ကြေကွဲဝမ်းနည်းရသော အဖြစ်အပျက်နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။
နေက်ဆုံးနှုတ်ဆက်ခြင်း
လွတ်လပ်ရေးကြေညာသည့်အထိမ်းအမှတ် အလံတင်၊ အလံချ အခမ်းအနားပြီးဆုံးသောအခါ ဗြိတိသျှ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)သည် မြန်မာတို့၏ အထွတ်အထိပ်အကြီးအကဲ နိုင်ငံတော်သမ္မတကြီးနှင့်တကွ ဧည့်ပရိသတ်များအား နောက်ဆုံးနှုတ်ဆက်ခြင်းအနေဖြင့် တစ်ယောက်ချင်း လက်ဆွဲနှုတ်ဆက်ပြီးနောက် ကိုယ်ရံတော်တပ်သားများနှင့် လိုက်ပါပို့ဆောင်ကြသော အစိုးရအဖွဲ့ဝင်များနှင့်အတူ ရန်ကုန်ဆိပ်ကမ်းသို့ ထွက်ခွာသွားလေသည်။ ထို့နောက် ဘာမင်ဂန်သင်္ဘောမှ အမြောက် အချက် ၂ဝ ပစ်ဖောက်၍ အလေးပြုကြိုဆိုပြီး နံနက် ၈ နနာရီ မိနစ် ၂၀တွင် အင်္ဂလန်နိုင်ငံသို့ထွက်ခွာသွားလေသည်။
မြန်မာနိုင်ငံကို နှစ်ပေါင်းတစ်ရာကျော်အုပ်ချုပ်ခဲ့သော နယ်ချဲ့ဗြိတိသျှ၏ ဘုရင်ခံနှင့်အဖွဲ့အား စနစ်တကျ အစီအစဉ်ပြုလုပ်ထားသော အခမ်းအနားဖြင့် မြန်မာပြည်မှ အပြီးအပိုင်ထွက်ခွာသွားသော မြင်ကွင်းနှင့် လွန်ခဲ့သည့် ၁၂၄၇ ခု တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ၁၈၈၅ ခု နိုဝင်ဘာလ ၂၇ ရက် သောကြာနေ့ ညနေ နေဝင်ရီတရောအချိန် အင်းဝခံတပ်ပေါ်မှ မြန်မာသူရဲကြီးအောင်လံတော် မြေခံသည့်နေ့နှင့် မြန်မသမိုင်းတွင် နှစ်ပေါင်းထောင်ချီ ထည်ထည်ဝါဝါ ဝင့်ဝင့်ကြွားကြွား တည်ထောင်ခဲ့သည့် မြန်မာမင်းဆက် ထီးသုဉ်း နန်းသုဉ်း ကြငှန်းသုဉ်းသည့် အဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ရသည့်နေ့တို့ကို နှိုင်းယှဉ်ခံစား ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးရသည့် ရှည်လျားသောသမိုင်းကြောင်းကို သေချာစွာစေ့ငုလေ့လာကြည့်လျှင် သင်ခန်းစာများစွာ ရရှိနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ဖြစ်ပေါ်လာသည့် ကောင်းမွေ၊ ဆိုးမွေကံကြမ္မာတို့သည် တိုတောင်းသည့်အချိန် ကာလအတွင်း ပေါ်ပေါက်လာခြင်းမဟုတ်ပေ။ နှစ်ကာလ ကြာရှည် အချိန်ယူကာ ရည်ရွယ်ချက်မြောက်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြပြီးသောအခါ၌ အခါအခွင့်သင့်သော အချိန်ကာလတွင် မျှော်မှန်းထားသလို ဖြစ်လာနိုင်သည်ကို ကမ္ဘာ့သမိုင်းကြောင်းမြန်မာ့သမိုင်းကြောင်းတွင် တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းကဲ့သို့သမိုင်းမှတ်တိုင်များကို မှတ်သား၍ အန၁ဂတ်အတွက် သင်ခန်းစာယူကြရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုလျှင် ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် နိုင်ငံကာကွယ်ရေး နိုင်ငံလွတ်လပ်ရေးနှင့် စပ်လျဉ်းသည့် သမိုင်းဝင်အလံတင်အလံချ မြင်ကွင်းနှစ်ခု၏ အသွင်အပြင်ကို ရှုမြင်ခံစားပြီး ကြေကွဲဖွယ်ရာ သင်ခန်းစာနှင့်အတူ ထိန်းသိမ်းစောင့်ရှောက် ဝမ်းမြောက်ရမည့် မြန်မာ့ လွတ်လပ်ရေးကို သတိမူနိုင်ကြလိမ့်မည်ဖြစ် ပါသည်။ ။
ကိုးကား- နတ်မောက်ဘုန်းကျော်ရေးသားသည့်
အော်လိပ်-မြန်မာ စစ်သမိုင်း - - သင်္ခါရေးသားသည့်မြန်မာ့လွတ်လပ်ရေး
သမိုင်းကို ပြောင်းလဲစေသည့် စာနှစ်ပုဒ်
မြန်မာ့အလင်း ဆောင်းပါး


