ရန်ကုန် ၂၂ မတ်
ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ရထားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Yangon Hotel တွင် ကျင်းပသည်။
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး အခြေခံအုတ်မြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းပြီး မန္တလေး၊ မြစ်ကြီးနား ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနဲ့ ရထားတွဲသစ် (၁၀ဝ) ဝယ်ယူရေးစီမံကိန်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကိုရီးယားရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှု အတွေ့အကြုံတွေကို မြန်မာ့မီးရထား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု အသုံးချနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာ့မီးရထားနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကြသည်။
ယခု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပရခြင်းသည် ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ရထားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေနိုင်မည့် ဆက်ဆံရေးတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာစေရေး မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများဖြစ်ပေါ်လာစေရန် အလုပ်ရုံဆွေးနွေးပွဲအား ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


