၁၁  ဇန်နဝါရီ

တငြိမ့်ငြိမ့် ရေအလျဉ်မပြတ် စီးသွန်နေတဲ့ မြစ်မင်းဧရာရဲ့ အရှေ့ဘက်၊ မြေ၌ စုန့်စုန့် ပေါက်နေတဲ့ မဏ္ဍလခေါ် မန္တလေးတောင်တော် ခြေရင်းမှာ နန္ဒာကန်၊ အောင်ပင်လယ်ကန်၊ ဇောင်းကလောကန်၊ တောင်သမန်အင်းနဲ့ တက်သေးအင်း ငွေလွှာအသွင် ရေပြင်ကျယ်တို့ ဝန်းရံပြီး မန္တလေးရတနာပုံ နေပြည်တော် ရယ်လို့ ပေါ်ပေါက်လာပြီးနောက်၊ ပြာသာဒ် အဆောင်အောက်၊ ဟင်္သာပဒါးရောင်ရွှေရောင် ဖိတ်တောက်နန်းရင်ပြင်    ပွဲကြည့်ဆောင်မှသည် ရွှေမြို့တော်အတွင်း ဝင်းများ၊ ပြလမ်းများဆီမှာထိ မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးက ထွန်းလင်းတောက်ပ ဂုဏ်ဝင့်ခဲ့တဲ့ မြန်မာမှုသုခုမပညာတွေ ဖူးပွင့်ဝင်းလက်ခဲ့ပါသည်။

ဖိတ်ဖိတ်လက်မျှ တောက်စားထွန်းလင်း

ပြည်သူလူထုအပေါ် တိမ်းညွှတ်စောင့် ရှောက်ခဲ့တဲ့ မြို့တည်နန်းတည် သာသနာပြု မင်းလက်ထက်မှာ အရပ်ရပ်က ဖူးပေ့၊ ညွန်ပေ့၊ ကွန့်ပေ့၊ ကောင်းပေ့၊ တော်ပေ့ဆိုတဲ့ ပညာရှိ စာဆိုများ၊ အနုပညာသည်များဟာလည်း မန္တလေးနေပြည်တော်မှာ တစုတစည်းတည်း မြှောက်စားချီးမြှင့်ခြင်းခံရကာ မြန်မာ့ယဉ်ကျေးမှုသုခုမ အနုပညာတွေလည်း ဖိတ်ဖိတ်လက်မျှ တောက်စားထွန်းလင်းခဲ့ပါတယ်။  သူ့ခေတ်နဲ့   သူ့နားသာတယ်ထင်ရာကို လွတ်လပ်စွာလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

မင်းတုန်းမင်းကြီးခေတ်ဟာ တိုင်းပြည်က အထိုက်အလျောက် အေးချမ်းသာယာတယ်။ ဘုရင်ကလည်း အေးချမ်းသာယာမှုရှိအောင် အစွမ်းကုန်ကြိုးစားရင်းနဲ့ တစ်ဖက်ကလည်း တိုင်းပြည်လူမျိုးအတွက် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုတွေကို အစွမ်းကုန် အားပေးတယ်။

ဒီတော့ တိုင်းသူပြည်သားတွေကလည်း အားတက်မှု၊ တက်ကြွမှုတွေရှိလာတယ်။ ယဉ်ကျေးမှုပိုင်းမှာလည်း နောက်ကျမကျန်ရစ်အောင် အခြားသော ဖွံ့ဖြိုးမှုများနဲ့အတူ ရင်ပေါင်တန်းခိုင်မာစေတယ်။ ဒီအတွက် ကြိုးပမ်းလုပ်ဆောင်မှုအားလုံးကိုလည်း ဘုရင်ကအားပေးတယ်။ အနုပညာဆိုတာကလည်း တက်ကြွမှု၊ ယုံကြည်မှု၊ အားပေးမှုတွေရှိလာတဲ့အခါ မကုန်နိုင်တဲ့ ဆန်းသစ် တီထွင်မှုတွေ ပေါ်ပေါက်လာတာလည်းဓမ္မတာပါ။

အတိတ်က ရွှေထီးဆောင်းတာ တသသပြောရင်း

ဒါ့အပြင် လက်နက်စက်ရုံတည်တယ်။ ဖန်ချက်တယ်၊ စာပုံနှိပ်စက်နဲ့ စာအုပ်တွေရိုက်တယ်၊ သတင်းစာထုတ်တယ်၊ ငွေဒင်္ဂါး သွန်းတယ်၊ မြန်မာလို ကြေးနန်းရိုက်တယ်။ ဒီအချိန်မှာ အောက်မြန်မာနိုင်ငံက အင်္ဂလိပ်လက်အောက် ရောက်နေတာမဟုတ်လား။ ခေတ်မပြိုင်ရင် ကျန်ရစ်မှာ။ ဒီတော့ ယဉ်ကျေးမှုဘက်ကလည်း ကိုယ်ခံအားကောင်းအောင်  ကြိုးပမ်းတယ်။ အားပေးတယ်။ ဒါကလည်း မလုပ်လို့မဖြစ်ဘူး။ အတိတ်က ရွှေထီးဆောင်းတာ တသသပြောရင်း ကွမ်းအစ်တစ်လုံး ရေနွေးကြမ်းတစ်အိုးနဲ့ အချိန်ကုန်ခံ လေပစ်နေလို့ မရဘူး။ ကိုယ်ခံအားမကောင်းရင် အောက်ကယဉ်ကျေးမှုက ချက်ချင်းဝါးမျိုသွားမှာ။ မြန်မာတွေ စိတ်ဓာတ်ကလည်း အသစ်အဆန်းဆို ကြားကာမြင်ကာမျှနဲ့ ချက်ချင်းအထင်ကြီးတတ်တယ်။ ကိုယ့်ပစ္စည်း ခိုင်ခိုင်မာမာကို ချက်ချင်းစွန့်တတ်တယ်။ သူများဟာကို ချက်ချင်းကောက်သုံးတတ်တယ်။ သူများပစ္စည်းက ကိုယ့်ပစ္စည်းလောက်မဟန်မှန်း သိချိန်ရောက်တော့ ကိုယ့်ပစ္စည်းက ပျက်နေပြီ၊ ယွင်းနေပြီ။ အဲဒီလိုကြုံရတာချည်းပါပဲ။ ဒါကို ပညာရှင်ကြီးတွေက မြော်မြော်မြင်မြင်နဲ့ ကိုယ့်ပစ္စည်းကို ခိုင်သထက်ခိုင်၊ မာသထက်မာ အောင် မန္တလေးမှာ အားစိုက်ကြိုးပမ်းခဲ့ကြတာက ထူးခြားလှပါတယ်။

ရတနာပုံခေတ်မှာ ပိုမိုပြီးအားကောင်းဖွံ့ဖြိုးလာ

တစ်ဖက်က အမရပူရခေတ်ကတည်းက ဖြစ်ထွန်းခဲ့တဲ့ နန်းတွင်းအီနောင်တို့၊ ရာမတို့ ဇာတ်တွေ၊ အခြား ဇာတ်တော်ကြီးတွေ၊ မြေဝိုင်းအဖွဲ့တွေ၊ ရုပ်စုံသဘင်တွေဟာလည်း ရတနာပုံခေတ်မှာ ပိုမိုပြီးအားကောင်း ဖွံ့ဖြိုး လာတယ်။ မယင်းတော်၊ မကွမ်းငုံ၊ မဆင်ခိုး စတဲ့ မင်းသမီးတွေဟာ နာမည်ကျော်တွေပေါ့။ နောက် သူတို့အမွေကို မထွေးလေးက ဆက်ခံလိုက်တယ်။ ဆက်ခံတယ်လို့ ပြောရရုံမက အရင်မင်းသမီးတွေရဲ့ စံချိန်ကို သူ့ခေတ် သူ့အခါနဲ့အညီ ချိုးနိုင်ခဲ့တယ်ဆိုရင် ပိုမှန်ပါတယ်။ ဘာလို့လဲဆိုတော့ မထွေးလေးမူ၊ မထွေးလေးဟန်၊ မထွေးလေးအကရယ်လို့ ပိုမိုပြီးလည်း ကောင်းမွန်အောင် သန္ဓေမပျက် တီထွင်နိုင်ခဲ့လို့ပါပဲ။ မြန်မာအကမှာ ကိုယ်ပိုင် မူရယ်လို့ ပိုမိုကောင်းမွန်အောင် တီထွင်နိုင်တာ များများစားစား မရှိလှပါဘူးတဲ့။ မင်းသားမှာ ဦးစိန်ကတုံးနဲ့ ကိုရာပြတ်၊ မင်းသမီးထဲမှာ မထွေးလေးပဲရှိတယ်လို့ ဆိုကြပါတယ်။ ရတနာပုံခေတ်မှာ လက်ထက်တော်ကြီးရော လက်ထက်တော်ကလေးမှာရော     မြန်မာ့ယဉ်ကျေးမှု သဘင်ပညာတွေဟာ မန္တလေးမှ တစ်လျှောက်လုံး တခမ်းတနား ရှိခဲ့ပါတယ်။ မင်းတုန်းမင်းကြီး လက်ထက်မှသည် သီပေါမင်းလက်ထက်အထိ အနုပညာအမွေ အနှစ်အားလုံး စုရုံးဖော်ထုတ် စံပြုခဲ့တဲ့ မူတွေဟန်တွေ စံတွေအတိုင်း သန္ဓေမပျက်အမြုတေ အဖြစ်  အခြေတည်ပြီးကာ  ထိုမူထိုဟန် ထိုစံတွေကတစ်ဆင့် ခေတ်နဲ့အညီ ပိုမိုကောင်းမွန်အောင် တီထွင်နိုင်ခဲ့ကြတဲ့ ပညာရှင်တွေချည်းပါ။              

အစုအစည်းပြေပျက်၊ အထိန်းအကွပ်မဲ့ပြီး

ဒီစံ ဒီဟန် ဒီမူတွေအားလုံး “မန္တလေး” မှာ ပေါ်ထွန်းခဲ့တာချည်းပါပဲ။ သက္ကရာဇ် ၁၂၄၇ခု ပါတော်မူပြီးနောက် ထီးကျိုးစည်ပေါက်ဖြစ်ပြီး တစုတစည်းတည်းသော အနုပညာရှင်တွေ ရေဝေးကြာပမာ ဖြစ်ကြရပါတယ်။ ဒီတော့လည်း ရေကြည်ရာမြက်နုရာဆိုသလို ထက်အောက်စုန်ဆန်လွင့်ပါးကြရပါတော့တယ်။ အစုအစည်းပြေပျက်၊ အထိန်းအကွပ်မဲ့ ပြီး အားပေးချီးမြှင့်သူလည်း မရှိဖြစ်ကာ တစ်ဖက်ကလည်း အုပ်စိုးသူ လူမျိုးခြားရဲ့ ယဉ်ကျေးမှုတွေက လွှမ်းမိုးလာလေတော့ မြန်မာအနုပညာရှင်တွေဟာ ကိုယ့်ပညာကို ရင်ဝယ် သိမ်းသိမ်းထုပ်ထုပ်ပြုလုပ်ရုံကလွဲပြီး မတတ်နိုင်ကြတော့ပါဘူး။ ရောက်ရာနေရာ ဒေသမှာ ကျားကုတ်ကျားခဲ ရပ်တည်ပြီး ကိုယ့် အနုပညာ မပျက်အောင် မနည်းထိန်းသိမ်းနေကြရတဲ့ ကာလတွေပါပဲ။ မန္တလေးမှာကျန်ရစ်တဲ့     ဝက်မစွပ်ဝန်ထောက်မင်းလို၊ လှေသင်းအတွင်းဝန်မင်းလို  စသည်ဖြင့် ပုဂ္ဂိုလ်ကြီးတွေက မြင်တွေ့မှတ်ကြား တတ်သိထားသမျှ မပျောက်မပျက်ရအောင် ရေးချွတ်ထိန်းသိမ်းထားကြရတယ်။

သဘင်မှုမှာလည်း အငြိမ့်သဘင်က အထူးခြားဆုံး တိုးတက်ဖြစ်ထွန်းခဲ့တယ်။ မငွေမြိုင်၊ ဩဘာသောင်း၊ လေဘာတီမမြရင်၊ ဥက္ကလာ အေးကြည်စသည်ဖြင့်   အခုထိ  နှစ်  ၁၀၀ ချဉ်းလုတိုင်တသသဖြစ်နေကြတဲ့ ကာလတွေပါပဲ။ တီထွင်ဆန်းသစ်တဲ့ အနုပညာမှန်သမျှကို ကိုယ်ခံအားကောင်းခဲ့တဲ့ မြန်မာသန္ဓေမပျက် မမေ့မလျော့  နားလည်သဘောပေါက် ကျွမ်းကျင်ပေါက်မြောက်စွာနဲ့    တီထွင်ခဲ့ကြတာချည်းပါ။

ပညာကျော်မင်းသမီးကြီးတွေရဲ့အမွေကို ဆက်ခံတာ

မန္တလေးရတနာပုံမြို့တော်မှာ အရှိန်အဟုန်နဲ့ ပွင့်လန်းခဲ့တဲ့ မြန်မာ့အနုပညာ စံမှန် မူမှန်စနစ်မှန်တွေကို အစဉ်အဆက် မပျောက်မပျက် လက်ဆင့်ကမ်းခဲ့ကြတဲ့ မယင်းတော်၊ မကွမ်းငုံ၊ မဆင်ခိုးစတဲ့ ပညာကျော် မင်းသမီးကြီးတွေရဲ့အမွေကိုဆက်ခံတာ မထွေးလေး မဟုတ်ပါလား၊ မထွေးလေးရဲ့ ပညာအမွေကို ဆက်ခံသူက     ဩဘာသောင်းဖြစ်တယ်။ ဩဘာသောင်းက မထွေးလေးဆီက ပညာတွေသာမက ရွှေနန်းတွင်း ပညာရှင်တွေဖြစ်တဲ့ အီနောင်ကိုစံတုတ်နဲ့ တပည့်မင်းသား ဦးစိန်အုပ်တို့၊ ဦးထွန်းရတို့၊ ရုပ်သေးကြိုးဆွဲ ဆရာမုန်းတို့၊ အပျိုတော် မသုံကြီးတို့၊မစံရှား မစံထားတို့ဆီကလည်း ပညာကုန်သင်ယူ ရရှိခဲ့တဲ့သူဖြစ်တယ်။   မထွေးလေးဆီက မြန်မာအကစစ်စစ်နဲ့ မင်းသမီးအတတ်ပညာတွေ ရခဲ့တယ်။ မင်းသား ဦးစိန်အုပ်ဆီက ယိုးဒယားအက လို့ခေါ်တဲ့ ရှေးရိုးတပင်တိုင် အကတွေ၊ အီနောင်အကတွေ ရခဲ့တယ်။ မသုံကြီးဆီက အပျိုတော် ၁၂ ခန်းကို သင်ရိုးကုန်ရတယ်။ မစံရှား မစံထားဆီက အငြိမ့်အကတွေရခဲ့တယ်။ ရွှေနန်းတော်ကြီးထဲက နန်းသုံးတော်ဝင်   မူမှန်စနစ်မှန်  မင်းသမီး အတတ်ပညာတွေကို ဩဘာသောင်းကရခဲ့ တာ ဖြစ်တယ်။

မြန်မာ့ရှေးရိုးတပင်တိုင်အက

မြန်မာ့သုခုမအနုသဘင် နေလိုလလို ထွန်းတောက်ခဲ့တဲ့ မန္တလေးရတနာပုံခေတ်မှာ ရွှေနန်းတွင်း   ပွဲကြည့်အဆောင်က သဘင်ပွဲလမ်းတိုင်း၊ ရတနာသုံးပါးနှင့်တကွ ပြည့်ရှင်မင်း အပါအဝင် ပရိသတ်ကို ဦးစွာကန်တော့ အရိုအသေပြုတဲ့ အစဉ်အလာဟာ ယဉ်ကျေးမှုအဆင့်မြင့်တဲ့ ဓလေ့စရိုက်လည်း ဖြစ်ပါတယ်။ ဒီလို   ကန်တော့ အရိုအသေပြုတဲ့ အကကို မြန်မာ့ရှေးရိုးတပင်တိုင်အကလို့ အစဉ်အဆက် ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။ ပြည်သူချစ်သော အငြိမ့်မင်းသမီးကြီး ဩဘာသောင်းက ရှေးရိုးတပင်တိုင်အကကို နန်းသုံးတော်ဝင် ပညာရှင်ကြီးများထံက အမွေဆက်ခံပြီး မန္တလေးပန်တျာကျောင်းကတစ်ဆင့် အမျိုးသားအမွေအနှစ်အဖြစ် ထားရစ်ခဲ့တာကလည်း အထင်ကရဖြစ်ပါတယ်။  ။

ဆူးငှက်