မန္တလေး၊ ဧပြီ ၁၇
ယနေ့ကျရောက်သော နှစ်သစ်ကူးပြောင်းသည့် မြန်မာ့နှစ်ဆန်း (၁) ရက်နေ့တွင် မန္တလေးမြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ မြို့နယ်၊ ရပ်ကွက်များ၌ သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းကြသူများ၊ သီတင်းသီလ ဆောက်တည်ကြသူများနှင့် ဇီဝိတဒါန ဘေးမဲ့လွှတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ယနေ့နံနက် အာရုဏ်တက်မှစ၍ မဟာမုနိ ရုပ်ပွားတော်မြတ်ကြီးအား မျက်နှာသစ်တော် ဝတ်အဖွဲ့မှ မျက်နှာသစ်တော်မူပြီး မန္တလေးဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများက ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပါယ် ခြင်း၊ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ငါးကန်တွင် ဇီဝိတဒါနငါးလွှတ်ခြင်း၊ အစာ ကျွေးခြင်းစသည့် ကောင်းမှုအစုစုတို့ကို ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာမပျက် ထိန်းသိမ်းစောင့်ရှောက်လျက် ကုသိုလ်ဘာဝနာ ပွားများကြသူများဖြင့် စည်ကားလျက် ရှိသည်။
ထို့ပြင် အောင်တော်မူ မြတ်စွာဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ စွယ်တော် မြတ်စေတီ၊ မန္တလေးတောင်၊ ကုသိုလ်တော်၊ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီးဘုရား၊ ကျောက်စိမ်းစေတီတော်စသည့် ဘုရားတို့တွင်လည်း ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိရာ စေတနာရှင် အလှူရှင်များကလည်း စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကလည်း တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းနှင့် သက်ကြီးဘိုး ဘွားများအား တစ်ကိုယ်ရေ သန့်ရှင်းမှုပြုလုပ်ပေးခြင်း၊ ကန်တော့ခြင်း၊ ဂါရဝပြုအလှူ ပစ္စည်းများထောက်ပံ့ခြင်းစသည့် ကုသိုလ်ဒါနများကိုလည်း ပြုလုပ်ခဲ့ကြသည်။
ညနေပိုင်းတွင် မန္တလေးမြို့အတွင်းရှိ ရပ်ကွက်များ၊ လမ်းများ၊ ဓမ္မာရုံများ၌ ဆရာတော်၊ သံဃာတော်များ ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ ကမ္မဝါစာများ နာကြားကြပြီး နှစ်သစ်တွင် မကောင်းမှုကင်းစင်၍ ကောင်းမှုမင်္ဂလာများ တိုးပွားစေရန် ကုသိုလ်ပွားများကြကာ မြန်မာ့နှစ်ဆန်းတစ်ရက် နှစ်သစ်မင်္ဂလာအခါသမယနေ့တွင် မန္တလေးမြို့တော် တစ်ခွင်လုံး၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
မောင်အေးချမ်း


