ရန်ကုန် ၁၇ ဧပြီ
၁၃၈၁ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့(ယနေ့)တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဘိုးဘွားသက်ကြီးပူဇော် ကန်တော့ပွဲအခမ်းအနားကို ရန်ကုန်မြို့ နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးရှိ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီးတို့သည် နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီး ရှိဘိုးဘွားများအား နှစ်ဦးမင်္ဂလာအဖြစ် အမွှေးနံသာရည်များပက်ဖျန်းပြီး ဂါရဝစကားပြောကြားခဲ့သည်။ ထို့နောက် နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီး၏ အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းက ကျေးဇူးတင်စကားပြောကြားပြီး တွဲဖက်အတွင်းရေး ဒေါက်တာဒေါ်ခင်တင့်က သက်ကြီးဘိုးဘွားများနှင့် မိတ်ဆက်ပေးကာ သက်ကြီးဘိုးဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။ ကန်တော့ခံဘိုးဘွားများကိုယ်စား ဘိုးစိုးသိန်း (၉၀)နှစ်က ဆုတောင်းမေတ္တာပို့သခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဘိုးဘွားသက်ကြီးငါးဦးအား ဂါရဝပြုအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ကျန်ဘိုးဘွားများအတွက် အလှူငွေများကို ဝန်ကြီးချုပ်က နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး၏ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ကျော်ရှိန်(ငြိမ်း)အား ပေးအပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၉ ခုနှစ် သက်တော်ရှည် ဘိုးဘွားငါးဦးအတွက် တစ်ဦးလျှင် အလှူငွေကျပ် တစ်သိန်းစီလှူဒါန်းခဲ့ပြီး ကျန်ဘိုးဘွားများအတွက် တစ်ဦးလျှင် ငွေကျပ်တစ်သောင်းနှုန်းလှူဒါန်းခဲ့ကြောင်း သိရသည်။
နှင်းဆီကုန်ဘိုးဘွားရိပ်သာကြီးသည် သက်တမ်းအားဖြင့် ၈၆ နှစ်ရှိကာ အသက် ၇၀ ကျော် ဘိုးဦးရေ ၄၅ ဦးရှိပြီး ဘွားဦးရေ ၁၁၆ ဦးရှိကာ စုစုပေါင်းဘိုးဘွား ၁၆၁ ဦးကို ပြုစုထားလျက်ရှိကြောင်း သိရသည်။ ထိုဘိုးဘွားများအနက် ဘိုး ၁၄ ဦး၊ ဘွား ၄၇ ဦး စုစုပေါင်း ဘိုးဘွား ၆၁ ဦးကို ဘိုးဘွားဆေးရုံ၌ ဆေးကုသပေးလျက်ရှိပြီး အသက် ၁၀၄ နှစ်ရှိ ဘွားတင်မြကိုလည်း ဆေးရုံ၌ပြစုထားလျက်ရှိကြောင်း သိရသည်။
လက်ခံပြုစုထားသော ဘိုးဘွားများကို အာဟာရပြည့်ဝစေရန် နေ့စဉ်ဘိုးဘွားတစ်ဦးလျှင် ကယ်လိုရီ ၁၂၀ဝ မှ ၁၅၀ဝ အထိ ကျွေးမွေးပြုစုလျက်ရှိပြီး မကျန်းမာသော ဘိုးဘွားများကို နိုင်ငံတော်ဆေးရုံကြီးများသို့ တင်ပို့ကုသပေးလျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


