နေပြည်တော် စက်တင်ဘာ ၂၅

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ က အဂတိလိုက်စားမှု၏ ဆိုးရွားသော အကျိုးဆက်များကြောင့် ကမ္ဘာနှင့်တစ်ဝန်း တိုက်ဖျက်ကြရန် ကုလသမဂ္ဂ ကွန်ဗင်းရှင်းတစ်ရပ်ကို ၂၀၀၃ ခုနှစ်တွင် ချမှတ်ထားသကဲ့သို့ မိမိတို့ နိုင်ငံတော်အနေဖြင့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းကာ ပိုမို ထိရောက်စွာ တားဆီးနှိမ်နင်းခြင်း၊ ပညာပေးခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိကြရကြောင်း၊ ယနေ့ကျင်းပသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများသည် အဂတိတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်များကို ရရှိခြင်း၊ အဂတိကင်းသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်စေရေးအတွက် လူ့အခွင့်အရေးအခြေခံဖြင့် ပေါင်းစပ်ဖော် ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်က ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သည့် အဂတိ လိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများတွင် ပိုမိုပွင့်လင်းမြင်သာပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာများနှင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးကြသည်။

ဆွေးနွေးပွဲအပြီးတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU) များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်