နေပြည်တော် ၂၉ မတ် 


မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လယ်ဝေးမြို့နယ် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမျိုးသမီးများ၏ ဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ရည်ရွယ်ချက်ထားရှိ၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေမှုသည် အမျိုးသမီးများ၏အရေးကို အစိုးရက အလေးထား ဆောင်ရွက်နေမှုများနှင့် ထပ်တူကျပါကြောင်း၊ အစိုးရအနေဖြင့် အမျိုးသမီးထုတစ်ရပ်လုံး အခွင့်အရေးများရရှိရေး၊ လုံခြုံစိတ်ချစွာ နေထိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမျိုးသမီးများ တန်းတူညီမျှခံစားရရှိရေး၊ အမျိုးသမီးများ၏ ပါဝင်ခွင့် ပိုမိုရရှိရေးတို့ကို မူဝါဒများ၊ ဥပဒေများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည် ဖော်လျက်ရှိကြောင်း၊ အမျိုးသမီးများအရေးကို ဆောင်ရွက်ရာတွင် အစိုးရဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများအပြင် အရပ်ဖက်အဖွဲ့အစည်းများ၏ ပါဝင်ဆောင်ရွက်မှုသည် အရေးကြီးသဖြင့် အမျိုးသမီးထုအတွက် အပြောင်းအလဲကို ဖော်ဆောင်ရန်နှင့် အားလုံးစုပေါင်းဆောင်ရွက်၍ အောင်မြင်မှု ပိုမိုရရှိနိုင်ရန် ရည်ရွယ်လျက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အမည်သစ်ဖြင့် အစိုးရ ဦးဆောင်သော ယန္တရားတစ်ရပ်ကို ၂၀၁၈ ခုနှစ် ဇွန် ၂၀ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ 


ကော်မတီတွင် ဌာနဆိုင်ရာများ၊ အစိုးရ မဟုတ်သော အမျိုးသမီး အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ကျားမတန်းတူညီမျှရေး ကွန်ရက်နှင့် အမျိုးသမီး အဖွဲ့အစည်းများ ကွန်ရက်တို့ပါဝင် ဖွဲ့စည်းထားကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထိ အဖွဲ့များဖွဲ့စည်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အမျိုးသမီးကော်မတီသည် အမျိုးသမီးထုအတွက် ဆောင်ရွက်နေသော အမျိုးသမီးအဖွဲ့များနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသာမက အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ညီညွှတ်စွာ ပါဝင်ဆောင်ရွက် ပေးကြရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် နှစ်ပတ်လည် အစည်းအဝေးတွင် အမျိုးသမီးရေးရာအဖွဲ့များက ၎င်းတို့၏ ဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးမှုများကို ဆောင်ရွက်ကြပြီး အစည်းအဝေးကို မတ်- ၃၀ ရက်အထိ (၂)ရက်တာ ကျင်းပသွားမည် ဖြစ်သည်။ 


(သတင်းစဉ်)