မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း ရေဘေးကူညီကယ်ဆယ်ရေးအတွက် ရန်ပုံငွေရှာဖွေ

ရန်ကုန် ၂၅ သြဂုတ် 

 

မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းက ကြီးမှူးကျင်းပသော ရေဘေးကူညီ ကယ်ဆယ်ရေးရန်ပုံငွေရှာဖွေပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဒုတိယနေ့အဖြစ် ဆက်လက် ကျင်းပသည်။

 

 

ရန်ပုံငွေရှာဖွေပွဲတွင် ကာတွန်းဆရာများနှင့် အလှူရှင်ပြည်သူများကို မြန်မာ့သတင်းစဉ်က သွားရောက်မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

 

 

ကာတွန်းမောင်မောင်ဖောင်တိန်

(ပွဲတာဝန်ခံ ၊ မြန်မာနိုင်ငံ ကာတွန်းဆရာများ အသင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)

 

ဒီပွဲလုပ်တာ ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ တစ်ခုက ကာတွန်းတွေနဲ့ ပြည်သူကို အသိပညာ (သို့မဟုတ်) သတိပေးတဲ့အနေနဲ့ ကာတွန်းပြပွဲ လုပ်တာဖြစ်ပါတယ်။ နောက်တစ်ခုက ရေဘေးသင့် ပြည်သူတွေအတွက် ကာတွန်းပညာနဲ့ ဉာဏပစ္စည်းတွေနဲ့ လုပ်အားပေးလှူပြီး ရန်ပုံငွေရှာတဲ့ပွဲ ဖြစ်ပါတယ်။ အဲဒီ နှစ်ခုပါ။ (၃)ရက်ရှာတဲ့ ရန်ပုံငွေတွေကို ခုထက်ထိ ဘယ်ဒေသသွားလှူမယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ရတဲ့ ငွေကြေးပမာဏပေါ်မူတည်ပြီး အချိန်နဲ့တပြေးညီ ဘယ်ဒေသက အလိုအပ်ဆုံးဆိုတာ အွန်လိုင်းသတင်းတွေပေါ် ရှာဖွေပြီး အဲဒီဒေသကို ကာတွန်းဆရာတွေ ကိုယ်တိုင် ကိုယ်ထိလက်ရောက် သွားလှူမှာပါ။  ကမ္ဘာအရပ်ရပ်မှာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြသလဲ၊ ဘာကြောင့် ကျရောက်သလဲ ဆိုတာတွေကို ကာတွန်းတွေနဲ့ ပြည်သူတွေကို သတိပေးသလို၊ စာနာနားလည်မှု အတူတစ်ကွရှိတာကို ပြသတဲ့သဘောပါဘဲ။ ဒီလိုပွဲမျိုးလုပ်ပြီး လှူရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။

 

 

ကာတွန်းရွှေမင်းသား

 

ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးမှာ တစ်ဖက်တစ်လမ်းက တတ်တဲ့ပညာနဲ့ အကျိုးပြုလှူဒါန်းတာ ဖြစ်ပါတယ်။ တီရှပ်တစ်ထည်ကို ငွေကျပ် ငါးထောင်နှုန်းနဲ့ ပြည်သူတွေက ဝယ်ပြီး ကာတွန်းဆရာအသီးသီးက တီရှပ်ပေါ်မှာ နှစ်သက်ရာပုံ သို့မဟုတ် ပြည်သူက ဆွဲခိုင်းတဲ့ ပုံတွေဆွဲပေးရတာလည်း ရှိပါတယ်။ အနုပညာကို တီရှပ်ပေါ်မှာ ဖန်တီးပေးပါတယ်။ ပြည်သူတွေကလည်း ကျေနပ်စွာ လာရောက်အားပေးပြီး တီရှပ်တွေဝယ်ယူလှူဒါန်းကြပါတယ်။  အလှူငွေလှူဒါန်းသူများလည်းရှိ ပါတယ်။ 

 

 

ကာတွန်းငွေကြည်

 

ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ လှူဖို့အတွက် ရန်ပုံငွေ ရှာဖွေရေးမှာ လုပ်အားလာပေးတာပါ။ ထူထောင်ရေးလုပ်ငန်းမှာ တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးတဲ့ အနေနဲ့ ကာတွန်းဆရာတွေက ရန်ပုံငွေရှာပေးတာပါ။ ကျွန်တော်တို့က အနုပညာသမားဆိုတော့ အနုပညာနဲ့ ကူညီထောက်ပံ့ခွင့်ရတာ ဝမ်းသာပီတိဖြစ်ရပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကလည်း ရေဘေးသင့်ပြည်သူများကို တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပေးကြပါလို့ပြောချင်ပါတယ်။

 

ကာတွန်းအောက်တိုဘာအောင်ကြီး

 

မြန်မာနိုင်ငံ ကာတွန်းဆရာတွေ စုပေါင်းပြီးတော့ အခုလိုကျင်းပတဲ့ရေဘေး ကယ်ဆယ်ရေးမှာ ကျွန်တော်က ဖျော်ဖြေရေးအနေနဲ့ မနေ့က ဦးရွှေရိုးကခဲ့ပါတယ်။ ဒီနေ့တော့ အိမ်မက်ဆုံရာအဖွဲ့က ဖျော်ဖြေပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံ ရေဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကျွန်တော်တို့ လှူဒါန်းတာပါ။ ကာတွန်း အစည်းအရုံးကနေ ဦးစီးကျင်းပတဲ့ပွဲလေး ဖြစ်ပါတယ်။ ကျွန်တော်တို့ ကာတွန်းသမားတွေကလည်း ပုံလေးတွေဆွဲပေးတယ်။ ဖျော်ဖြေရေးတွေလုပ်ကြတယ်၊ လာသမျှဧည့်သည်တွေကို တီရှပ်ပေါ်မှာကာတွန်းပုံတွေ ဆွဲပေးတယ်။ တီရှပ်တစ်ထည် ငွေကျပ် ငါးထောင်နဲ့ရောင်းပါတယ်။ ကာတွန်းပုံတွေကို ကာတွန်းဆရာအများကြီးက တစ်ယောက်တစ်ပုံစီ ဝိုင်းဆွဲပေးပါတယ်။ ရေဘေးကယ်ဆယ်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကြတာပေါ့။ ဘယ်ဒေသ သွားရောက်လှူမှာလည်း မသိသေးဘူး၊ အစည်းအဝေး ထပ်လုပ်ပြီး ဘယ်ကိုလှူသင့်လဲ ဆုံးဖြတ်ပါ့မယ်။ မြန်မာပြည်မှာဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်ကို ကာတွန်းဆရာမှမဟုတ်ဘူး၊ အကုန်လုံးပါဝင်သင့်တယ်။ ပိုက်ဆံမတတ်နိုင်ရင်လည်း လုပ်အားအကူအညီနဲ့ ကာတွန်းဆရာတွေလုပ်တယ်။ ကာတွန်းဆရာတွေ သီးခြားမဟုတ်ဘူး။ ကဗျာဆရာလည်းလာတယ်၊ ပန်းချီဆရာလည်းလာတယ်။ ကျွန်တော်တို့ အကျိုးအတွက်မဟုတ်ဘူး။ ရေဘေးသင့်တဲ့ ပြည်သူတွေအတွက် လှူမှာ၊ အဲဒီရည်ရွယ်ချက်နဲ့ပါ။ လာသမျှ ပြည်သူတွေကို ဖိတ်ခေါ်ပါတယ်။ မန္တလေး၊ ရန်ကုန် တစ်ပြိုင်တည်းလုပ်တယ်။ ကာတွန်းအသိုင်းအဝိုင်းတွေပါ။  ရန်ကုန်ကတော့ ရန်ကုန်အခြေစိုက် ကာတွန်းဆရာတွေ လုပ်တာပါ။ ခွဲခြားမှုမရှိပါဘူး။ အားလုံးကတော့ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီဖို့ပါပဲ။

 

ကိုချစ်ဦး (လှိုင်သာယာမြို့နယ်)

 

ကျွန်တော့်သား မွေးနေ့မှာ ဒီကာတွန်းပြပွဲကိုလာတာပါ။ သားမွေးနေ့အတွက် အလှူတစ်ခုလာလုပ်တာပါ၊ ကျွန်တော် ဒီလိုပရဟိတ အလှူလာလုပ်တဲ့အတွက် ဝမ်းသာပါတယ်။ ဒီထက်မကလည်း လှူချင်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးကျရောက်ဒေသတွေကို သွားရောက်လှူဒါန်းရတဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကာတွန်းဆရာတွေကိုယ်တိုင်ကလည်း ကာတွန်းပန်းချီများဖြင့် စပို့ရှပ်အင်္ကျီတွေမှာ ပုံဆွဲပေးပါတယ်။ ဒီလိုစည်စည်ကားကားတွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီစပို့ရှပ်လေးဝတ်ထားတာကို ပြည်သူတွေတွေ့သွားရင် လှူလို့ရတယ်ဆိုတာ ဒီဆန္ဒလေးတစ်ခုနဲ့ ဝတ်ထားတာပါ။

 

မသန္တာရွှေစင်သိန်း (လှိုင်မြို့နယ်)

 

သမီးက ကာတွန်းဝါသနာပါတယ်။ ကာတွန်းဆရာတွေ ပရဟိတအလှူပွဲလည်းဖြစ်တဲ့အတွက် သမီးကိုယ်တိုင်လာရောက်တာပါ။ ကာတွန်းဆရာတွေကိုယ်တိုင် ရေးဆွဲပေးတာဖြစ်တဲ့အတွက် သမီးလာခဲ့တာပါ။ သဘောကျတဲ့ ဆရာကြီးတွေကိုလည်း တွေ့ချင်လိုလာရောက်ခဲ့တာ ဖြစ်ပါတယ်။ စိတ်ထဲမှာ ဝမ်းသာကြည်နူးမိပါတယ်။ လူငယ်တွေအနေနဲ့လည်း ကာတွန်းရယ်မဟုတ်ဘူး၊ စာအုပ် စာပေနဲ့ပတ်သက်ပြီး များများဗဟုသုတရစေချင်ပါတယ်။ လူငယ်တွေကို လာစေချင်ပါတယ်။ 

 

မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းက ကြီးမှူးကျင်းပသော ရေဘေးကူညီ ကယ်ဆယ်ရေးရန်ပုံငွေ ရှာဖွေပွဲကို သြဂုတ် ၂၄၊ ၂၅၊ ၂၆ ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ လည်းကောင်း၊ မန္တလေးမြို့ ၂၆လမ်း ၆၆x၆၈ လမ်းကြားတို့၌ တစ်ပြိုင်တည်း ကျင်းပလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ ကာတွန်းဆရာ ၁၇၀ ကျော်၏ ကာတွန်းပုံပေါင်း ၁၇၀ ကျော်ကို ပြသထားလျက်ရှိသည်။

 

တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန့်

ဓာတ်ပုံ - ကိုရဲ