နေပြည်တော် ၂၈ မတ်
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက် ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မိမိတို့နိုင်ငံတွင် ကလေးဦးရေ ၁၂ သန်းရှိသည့်အနက် ၁ ဒသမ ၁ သန်းကျော်သည် ကလေးအလုပ်သမားများ ဖြစ်နေပြီး ကလေးဦးရေ ၆ သိန်းကျော်သည် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု လေ့လာသိရှိရပါကြောင်း။
ကလေးသူငယ်များသည် မိဘများ၏ အနာဂတ်၊ မိမိတို့၏ အနာဂတ်ဖြစ်ပြီး တစ်နည်းအားဖြင့် နိုင်ငံတော်၏ အနာဂတ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း ကလေးအလုပ်သမား ပပျောက်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ အမျိုးသားကော်မတီ၏ အောက်တွင် လုပ်ငန်းကော်မတီ ၈ ခု ထပ်မံဖွဲ့စည်း ဆောင်ရွက်လျက်ရှိရာ မိမိတို့ လုပ်ငန်းကော်မတီသည် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း။
အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် ၁၂ ရပ်ကို ချမှတ်ပေးထားပါကြောင်း၊ အဆိုပါ လုပ်ငန်းတာဝန်များကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံချက်ကို ပြည့်ပြည့်စုံစုံရေး ဆွဲနိုင်ရေးအတွက် တက်ရောက်လာသူများက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်နှင့် မိမိတို့နိုင်ငံအတွင်း ကလေးအလုပ်သမား ပပျောက်ရေးအတွက် တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာ ပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများက ဌာနနှင့် အဖွဲ့အစည်းများအလိုက် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု၊ တွေ့ကြုံရသည့် အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းဆွေးနွေးပြီး ပြီးပြည့်စုံသည့် လုပ်ငန်း စီမံချက် ရေးဆွဲနိုင်ရေးအတွက် ပါဝင်သင့်သည့်အချက်များ၊ ဥပဒေ၊ နည်းဥပေဒများ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာပြဋ္ဌာန်းချက်များနှင့် ပူးပေါင်းဆောင် ရွက်သွားမည့် အခြေအနေများကို အကြံပြုဆွေးနွေးကြသည်။
(သတင်းစဉ်)


