ရန်ကုန် ၉ ဖေဖော်ဝါရီ
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်နှင့် ထိုင်းနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ Brainworks Total ကျောင်း၏ ပံ့ပိုးကူညီမှုဖြင့် ကင်းထောက်ငယ် (Cub Scout) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက သင်္ဃန်းကျွန်းမြို့နယ်ရှိ Brainworks Total ကျောင်း သင်တန်းခန်းမတွင် ကျင်းပရာ ကင်းထောက်လူငယ်လေးများက “စွမ်းဆောင်နိုင်တယ် ကင်းထောက်ငယ်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုကာ ဖွင့်လှစ်ပေးသည်။
သင်တန်းဖွင့်ပွဲတွင် Brainworks Total ကျောင်းအုပ်ကြီး Mr. Mohan ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်ကော်မတီ Dr.Somboon Bunyasiri၊ ထိုင်းနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ အမျိုးသားကောင်စီဝင် Mr.Sommart Sungkapun နှင့် အပြည်ပြည်ဆိုင်ရာ ကော်မရှင်နာ Mr.Pansak Ransibrahmanakul တို့က ဂုဏ်ပြုအမှာစကား ပြောကြားပြီး သင်တန်းသား ကင်းထောက်ငယ်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ကင်းထောက်ငယ်သင်တန်းတွင် ထိုင်းနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ သင်တန်းနည်းပြ (၄)ဦး၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ တက္ကသိုလ်ကင်းထောက် လူငယ်များက ကင်းထောက်ငယ်များ ဖွဲ့စည်းခြင်း ရည်ရွယ်ချက်၊ ဦးတည်ချက်များ၊ ကတိ၊ ကျင့်ဝတ်၊ အလေးပြု နှုတ်ဆက်နည်းများ၊ စုပေါင်းလှုပ်ရှားသည့် တေးသီချင်းသီဆို ကစားနည်းများ၊ လေ့ကျင့်သင်ကြားပေးကြမည် ဖြစ်သည်။
သင်တန်းသို့ အသက် (၆)နှစ်မှ (၁၁)နှစ်ရှိ ကျောင်းသား (၅၂)ဦး၊ ကျောင်းသူ (၂၂) ဦးတို့ တက်ရောက်ပြီး သင်တန်းကာလမှ (၃)ရက် ကြာမြင့်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မူလတန်းအရွယ် ကလေးငယ်များ မိမိကိုယ်ကိုယ် အားကိုးပြီး ယုံကြည်မှုအပြည့်ဖြင့် သူတစ်ပါးအပေါ် ကူညီတတ်သော စိတ်ရှိရန်ဖြင့် ပျော်ရွှင်ခြင်းနှင့် စွန့်စားမှုကို နှစ်သက်စေရန် ရည်ရွယ်သည့် လူငယ်လေးများအဖြစ် အရွယ်ရောက်လာစေရန်အတွက် ကင်းထောက်အသိပညာများ၊ တိုးတက်ပျံ့ပွားစေပြီး လေ့ကျင့်လှုပ်ရှားနိုင်ရန် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်နှင့် ထိုင်းနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကင်းထောက်ငယ် (Cub Scout) သင်တန်းများကို တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ သိရသည်။
MDN


