နေပြည်တော် ၂၁ မတ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြင်သစ်နိုင်ငံသံရုံးနှင့် Business France တို့ပူးပေါင်းကျင်းပသော မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က US Energy Information Administration (EIA) ၏ စွမ်းအင်အရင်းအမြစ်များအပေါ်တွင် အခြေခံသောခန့်မှန်းချက်အရ ၂၀၁၅ ခုနှစ်မှ ၂၀၄၀ ခုနှစ်အတွင်း ကမ္ဘာ့စွမ်းအင်သုံးစွဲမှုနှုန်းသည် နှစ်စဉ် ၂၈ ရာခိုင်နှုန်း တိုးမြင့်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုးတက်သုံးစွဲမှုနှုန်းသည် နှစ်စဉ် ၂ ဒသမ ၃ ရာခိုင်နှုန်း ခန့်ရှိပြီး ၂၀၃၀ ခုနှစ် အထိသိသာစွာ မြင့်မားနေမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် အဆိုပါလိုအပ်ချက်ကို ပြည့်ဝစွာဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုအစီအမံနှင့်အညီ မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေး၊ ပြည်တွင်းစွမ်းအင်လိုအပ်ချက်အား ပြည့်ဝစွာ ဖြည့်ဆည်းနိုင်ရေးနှင့် အနာဂတ် စွမ်းအင်ဖူလုံရေးတို့အတွက် ဝန်ကြီးဌာနမှ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်များ ပေါများသော်လည်း ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးနှင့် အကောင်အထည်ဖော်ရန် သင့်လျော်ပြီး ရေရှည်တည်တံ့၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုပမာဏ ကြီးမားသည့် စွမ်းအားအရင်းအမြစ်များအား မှန်ကန်စွာ စုစည်းအသုံးပြုခြင်းသည် ပိုမိုသင့်လျော်ကြောင်း၊ အနာဂတ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အား ၈ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကဏ္ဍတွင် အမျိုးသားလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအစီအစဉ်အရ ကျေးရွာများ လျှပ်စစ်မီးရရှိရေးကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိရာ ၂၀၃၀ ခုနှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ် ကွန်ရက်နှင့် သီးခြားဓာတ်အား စနစ်ကွန်ရက်များမှ စုစုပေါင်းအိမ်ထောင်စု ၁၀ သန်းအား လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ရေနံထွက်ပစ္စည်းများ လက်လီနှင့်လက်ကား ဖြန့်ဖြူးနိုင်ရေးအတွက် ဈေးကွက်စီးပွားရေး တံခါးဖွင့်ဝါဒနှင့်အညီ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းအား ပုဂ္ဂလိကကဏ္ဍမှ အပြည့်အဝလွတ်လပ်စွာ ဆောင်ရွက်ခွင့်အား ၂၀၁၀ ခုနှစ်တွင် စတင်ခွင့်ပြုပေးခဲ့ရာ ယနေ့ ပုဂ္ဂလိကဆိုင်ပေါင်း ၂၄၀ဝ ကျော်ရှိပြီဖြစ်ကြောင်း၊
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရန်အတွက် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပံ့ပိုးကူညီသည့် ဖွံ့ဖြိုးမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်းမှုသည် အဓိကသော့ချက်ဖြစ်ကြောင်း၊ ယခုအခမ်းအနားမှ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကြုံတွေ့ရမည့် စိန်ခေါ်မှုများအပေါ် အဖြေရှာခြင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၁၀ဝ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားအပြည့်အဝ ဖြန့်ဖြူးနိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု အစီအမံများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် နှစ်ဦးနှစ်ဖက် အတွေ့အကြုံများ ဖလှယ်ဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Christian Lechervy မှ အမှာစကားပြောကြားခဲ့ပြီး Myanmar Energy and Electricity Strategy နှင့် Cooperation, National and International Funds Agencies Strategy in the region, Panel Discussion အဖြစ် မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တွေ့ရှိနိုင်သည့် အခွင့်အလမ်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့မှ ဓာတ်အားထုတ်လုပ်မှုဆိုင်ရာ နည်းလမ်းများ၊ Off-Grid ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေများ၊ ဓာတ်အားသွယ်တန်းခြင်းနှင့် ဖြန့်ဖြူးရေးအပိုင်း၊ ရေကာတာနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ အကြီးစားပြင်ဆင်မှုဆိုင်ရာ လုပ်ငန်းများ စသည့် အကြောင်းအရာဆိုင်ရာတို့အား ဆွေးနွေးကြသည်။
(သတင်းစဉ်)


