ရန်ကုန်         ဇူလိုင်        

 

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် အလှူရှင်တို့ ပူးပေါင်း၍ ရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသား မိသားစုများ၏ သားသမီး ၁၃၄ ဦးကို ကျောင်းဝတ်စုံ၊ ကျောင်းသုံး သင်ထောက်ကူပစ္စည်းများနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင်၊ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့က အဖွင့်အမှာစကား ပြောကြားကြပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသော ငွေကျပ် ၁၀ သိန်းအား  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ အကြံပေး ဦးသိန်းနိုင်က ပေးအပ်ရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကနှင့် ဥက္ကဋ္ဌတို့က လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်များဖြစ်ကြသည့် ရုပ်ရှင်သရုပ်ဆောင်များနှင့် အလှူရှင်များက ပညာသင်ထောက်ပံ့စရိတ် ငွေကျပ် ၁၅၀၀၀၊ ကျောင်းစိမ်းဝတ်စုံ တစ်စုံ၊ ဗလာစာအုပ် နှစ်ဒါဇင်၊ ကွန်ပါဘူး၊ ခဲတံ၊ ဘောပင်၊ ချွန်စက်၊ ခဲဖျက်၊ ရေဘူးနှင့် ထီးတို့ကို ကျောင်းသား ကျောင်းသူ ၁၃၄ ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး