နေပြည်တော် ၁၈ မတ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်အာရှပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (APF)၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့နှင့်ပူးပေါင်း၍ ကော်မရှင်၏ စွမ်းဆောင်ရည် ဆန်းစစ်မှုကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၆ ရက်အထိ ဆောင်ရွက်ခဲ့ပြီး ကော်မရှင်၏ စွမ်းဆောင်ရည်ဆန်းစစ်မှုအစီရင်ခံစာ မိတ်ဆက်ဖြန့်ဝေခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Inya Lake Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ UN Resident and Humanitarian Coordinator and UNDP Resident Representative, Mr. Knut Ostby၊ UNDP မှ Deputy Country Director, Ms. Dawn Del Rio နှင့် UNDP မှ အရာထမ်းများ၊ ဗန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် Ms. Cynthia Veliko၊ နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ နှင့် UNDP မှ Deputy Country Director တို့က အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြပြီး UNDP Bangkok Regional Office မှ Regional Advisor on Human Rights, Mr. Nicholas Booth နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် Ms. Cynthia Veliko တို့က ကော်မရှင်၏စွမ်းဆောင်ရည် ဆန်းစစ်မှု လုပ်ငန်းစဉ်၊ ဆန်းစစ်မှုမှ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။ ထို့နောက် အခမ်းအနား တက်ရောက်ကြသူများက ကော်မရှင်၏ စွမ်းဆောင်ရည် ဆန်းစစ်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ ကော်မရှင် ဥက္ကဋ္ဌနှင့် UNDP မှ Deputy Country Director နှင့် UNDP Regional Advisor တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
(သတင်းစဉ်)


