မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့(၆/၂၀၂၃-၂၀၂၄) အစည်းအ‌ဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၉ 

 

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၆/၂၀၂၃-၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ကို ယနေ့ မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက် ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံဘဏ်များ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို ပထမအကြိမ် ချေးငွေအဆိုပြု လွှာခေါ်ယူ၍ ချေးငွေထုတ်ချေးထားမှု အခြေအနေနှင့် ဒုတိယအကြိမ် ချေးငွေအဆိုပြုလွှာများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ချေးငွေအဆိုပြုလွှာများ ပိုမိုလက်ခံ ဆောင်ရွက်ပေးနိုင်ရေးအတွက် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁  ရက်က ကြော်ငြာစာထုတ်ပြန်၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေ ပိုမိုတိုးတက်ထုတ်ချေးရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများကို ပြောကြားသည်။

 

ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေအဆိုပြုလွှာများ ပိုမိုလက်ခံဆောင်ရွက်ပေးနိုင်ရေးအတွက် ကြော်ငြာစာထုတ်ပြန်ပြီးနောက် လက်ခံရရှိမှုအခြေအနေနှင့် ဆီစက်လုပ်ငန်းများ ချေးငွေတိုးတက်ထုတ်ချေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေကို လည်းကောင်း၊  အထောက်အကူပြုအဖွဲ့ခေါင်းဆောင်များက သက်ဆိုင်ရာ အဖွဲ့အလိုက် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ Project Management Unit  စီမံကိန်း ဒါရိုက်တာ က ချေးငွေအမှုတွဲများ စိစစ်ပြီးစီးမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

(သတင်းစဉ်)