မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Dr. Md. Monwar Hossain သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ စာအုပ်များလှူဒါန်း

နေပြည်တော် ဧပြီ ၂၆

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Dr. Md. Monwar Hossain က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ စာအုပ်များလှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ Orientation ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Dr. Md. Monwar Hossain ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးက အမျိုးသားစာကြည့် တိုက်(နေပြည်တော်) သို့ စာအုပ်များလှူဒါန်းရသည့်အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေ၊ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ စာအုပ်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ လတ်တလော ဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်ဆိုင်ရာ စာအုပ်များကို လှူဒါန်းရာ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ 

ထို့နောက် ဒုတိယဝန်ကြီး က စာအုပ်များ လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်