- စည်သူကျော် -

 

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားလာမှုနှင့်အတူ လူမှုနယ်ပယ်တွင် အသုံးနည်းသော ဝေါဟာရများ တွင်ကျယ်လာသည်ကို တွေ့ရသည်။ ဥပမာ- New Nomal, Lockdown စသည်ဖြင့်။ ကျွန်တော့်သမီး ၁၁ နှစ်အရွယ်တောင် ကွာရန်တင်း (Quarantine) ဆိုသော ဝေါဟာရကို ကောင်းကောင်း သိနားလည်နေလေပြီ။

 

ကျွန်တော်တို့ငယ်ငယ်ကဆိုလျှင် ဤစကားလုံးကို ကြားပင်မကြားဖူးပေ။ ပြောင်းလဲလာသော ခေတ်နှင့် အဖြစ်အပျက်များကား ကလေးငယ်များကို ဝေါဟာရနှင့် အတွေ့အကြုံသစ်များကို သင်ယူစေသည်ပင်။ အပြောင်း အလဲကား ကလေးသူငယ်၊ လူငယ်လူရွယ်များကိုသာ သင်ယူစေသည်လားဆိုတော့ မဟုတ်ပါ။ ကျွန်တော်တို့ လူကြီးပိုင်းပင် ယခုမှ ကြားဖူးသော နားလည်ရသော ဝေါဟာရများကို လိုက်လံမှတ်သားလေ့လာရသည်သာ။ ယင်းဝေါဟာရများအနက် မိမိစိတ်ဝင်စားမိသော ဝေါဟာရတစ်ခုမှာ Travel Bubble ဟူ၍။

 

ကိုဗစ်အလွန် ခရီးသွားကဏ္ဍ

 

ကိုဗစ်-၁၉ကူးစက်ရောဂါ ပြန့်ပွားဖြစ်ပေါ်မှုကြောင့် ကမ္ဘာတစ်ဝန်းလုံးရှိ လုပ်ငန်းကဏ္ဍအသီးသီးတို့ ယိုင်နဲ့ ပြိုလဲကုန်ကြရာ ခရီးသွားလုပ်ငန်းမှာ အဆိုးရွားဆုံး ထိခိုက်ခံစားရသည့် ကဏ္ဍတစ်ရပ်ဖြစ်သည်။ ကူးစက် ပြန့်ပွားလွယ်သော ရောဂါဖြစ်ခြင်းကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည် ပြည်တွင်းပြည်ပ ခရီးသွားလာခြင်းကို ကန့်သတ်ရပ်ဆိုင်းခဲ့ရသည်။ “သင့်အိမ်တွင် သင်နေခြင်းဖြင့် သင်၊ သင့်မိသားစုနှင့် လူ့အသိုက်အဝန်းကို ကာကွယ်ပါ။” ဆိုသော စကားရပ်ကဲ့သို့ပင် လေကြောင်းလိုင်းများ၊ မော်တော်ယာဉ်လိုင်းများ ရပ်ဆိုင်းခဲ့ရသည်။ ဟိုတယ်များ၊ စားသောက်ဆိုင်များ ပိတ်ထားခဲ့ရသည်။ အပန်းဖြေ လည်ပတ်ရန်နေရာများကို ပိတ်ပင်ခဲ့ရသည်။ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက် လည်ပတ်ခြင်းကိုလည်း တားမြစ်ထိန်းချုပ်ခဲ့ရပြန်သည်။ ဆိုးရွားလှပါဘိ။

 

ယခုအခါရောဂါပြန့်ပွားမှု အနေအထားကိုနားလည် ထိန်းချုပ်နိုင်ပြီဟု သုံးသပ်သောအချိန်တွင် တားမြစ် ကန့်သတ်မှုများကို အဆင့်လိုက် ဖြေလျှော့မှုများပြုလုပ် လာနေပြီဖြစ်သည်။ ယင်းတွင် ခရီးသွားလာရေးသည် မဖြစ်မနေ ထည့်သွင်းစဉ်းစားရသည့် ကိစ္စရပ်ဖြစ်သည်။ ယနေ့ကမ္ဘာတွင် ခရီးသွားလုပ်ငန်းသည် နိုင်ငံ့စီးပွားရေးကို တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ပေးနေသည့် လုပ်ငန်းကဏ္ဍတစ်ရပ်ဖြစ်သည်။

 

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ခရီးသွားလုပ်ငန်းကို အားကိုးအားထားပြု ကြသည်။ သို့အတွက် ကျွမ်းကျင်သူများ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ဘေးအန္တရာယ်ကင်းရှင်းစွာ ခရီးသွားလာရေးကို မည်သို့ ပြန်လည်ဖော်ဆောင်မည်ကို ကြိုပမ်းဆောင်ရွက်နေကြသည်။

 

Travel Bubble ဟူသော ဝေါဟာရ

 

သို့ဖြစ်ရာ Travel Bubble ဟူသော ဝေါဟာရသည် ကိုဗစ်-၁၉ နှင့်ဆက်နွှယ်၍ ခရီးသွားလုပ်ငန်း နယ်ပယ်တွင် ပေါ်ပေါက်လာသည်။ တကယ်တမ်းတွင်မတော့ Travel Bubble သည် Social Bubble ဟူသောဝေါဟာရမှ ဆင့်ပွားဖြန့်ထွက်လာသော စကားလုံးဖြစ်သည်။ Social Bubble ဆိုသည်မှာ အခြားလူမှုအဖွဲ့အစည်း၏ ဘေးအန္တရာယ်၊ ပယောဂများ ကူးစက်ပြန့်ပွားခြင်း မခံရစေရန် သီးခြားဖွဲ့စည်းနေထိုင်သည့် လူမှုအဖွဲ့အစည်းငယ်လေးဖြစ်သည်။ အင်္ဂလိပ်ဘာသာ Bubble ၏ အဓိပ္ပာယ်တစ်ခုမှာ ပူဖောင်းဟူ၍ဖြစ်သည်။ တစ်နည်းဆိုသော် သီးခြားအဝန်းအဝိုင်း ငယ်လေးတစ်ခု ဖြစ်သည်။

 

Travel Bubble သည်လည်းအလူးတူပင် အခြားသောနိုင်ငံများနှင့် ကူးလူးယှက်သွယ်ခြင်း မရှိစေဘဲ သဘော တူညီမှု ပြုလုပ်ထားသောနိုင်ငံမှ ဧည့်သည်များကိုသာ မိနိုင်ငံသို့ ဝင်ရောက်လည်ပတ်စေခြင်းဖြစ်သည်။ ယင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအတွက် သီးခြားခွဲခြား နေထိုင်ခြင်းနှင့် အချို့သော ကန့်သတ်ချက်များဖြေလျော့ထားသည်။ တစ်နည်းအားဖြင့် Travel Bubble ပြုလုပ်ထားသော နိုင်ငံများအကြား လွတ်လပ်စွာ ကူးသန်းသွားလာ လည်ပတ်နိုင်သည်ဟူလို။

 

သို့သော် Travel Bubble ဖော်ဆောင်ရာတွင် မိတ်ဖက် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ယုံကြည်စိတ်ချရမှုရှိရန် အရေးကြီးသည်။ အလားတူ Travel Bubble ဖော်ဆောင်မည့် မိတ်ဖက်နိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါအပေါ် ကာကွယ်ထိန်းချုပ်နိုင်သည့် စွမ်းဆောင်ရည်ကိုလည်း အလေးဂရုပြု ဆန်းစစ်ရသည်။ ဥပမာအားဖြင့် ခရီးသွား မိတ်ဖက်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာလအတွင်း ရောဂါပိုးကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးပေးနိုင်ခြင်း၊ ရောဂါဖြစ်ပွားမှု လမ်းကြောင်းကို ခြေရာခံနိုင်ခြင်း၊ ထိရောက်သော ရောဂါထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ် နိုင်ခြင်းတို့ဖြစ်ပါသည်။

 

Travel Bubble ဖော်ဆောင်သင့်သောအချိန်

 

ပညာရှင်များ၏ သုံးသပ်ချက်အရ Travel Bubble ဖော်ဆောင်သင့်သောအချိန်သည် နှစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ အသစ် ထပ်မံမတွေ့ရှိတော့သည့် အချိန်ဖြစ်သည်။ ဥပမာအားဖြင့် ဩစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့သည် Travel Bubble ကိုဖော်ဆောင်ရန် စိုင်းပြင်းနေသည့် နိုင်ငံနှစ်နိုင်ငံဖြစ်သည်။ အဆိုပါနှစ်နိုင်ငံသည် ကိုဗစ်-၁၉ ကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့သည်။ ယခုအခါ ယင်းနှစ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုသည် မရှိသလောက် နည်းပါးသွားပြီဖြစ်သည်။ သို့အတွက်၎င်းနှစ်နိုင်ငံအတွက် အရေးပါသော အပြန်အလှန် ခရီးသွားလာမှုကို ပြန်လည် စတင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလကပင် နှစ်နိုင်ငံ အကြား Travel Bubbleကိုဖော်ဆောင်ရန် ကြေညာခဲ့သည်။

 

Travel Bubble သည် ခရီးသွားလုပ်ငန်းကို အမှီသဟဲ ပြုနေသောနိုင်ငံများအတွက် ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်းကို ပြန်လည်စတင်ရန်အတွက် အရေးပါသော လမ်းစတစ်ခုဖြစ်သည်။ နယူးဇီလန်နိုင်ငံသည် ဩစတြေးလျနိုင်ငံနှင့် အရေးပါသော Travel Bubble ကို ဖော်ဆောင်အောင်မြင်ပါက ကိုဗစ်-၁၉ ကို အောင်မြင်စွာ ကိုင်တွယ်နိုင်သည့် အခြားသောနိုင်ငံများနှင့် Travel Bubble ကို တိုးချဲ့ဆောင်ရွက်သွားဖွယ်ရှိသည်။ ကိုဗစ - ၁၉ ကူးစက်မှုပြင်းထန်ခဲ့သည် ဥရောပတွင် လတ်ဗီယား၊ လစ်သူရေးနီးယားနှင့် အက်စ်တိုးနီးယားနိုင်ငံတို့သည် ဥရောပ၏ ပထမဆုံး Travel Bubble ကိုဖော်ဆောင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။

 

မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှု

 

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်အလွန်ကာလတွင် ခရီးသွား လုပ်ငန်းအလျင်အမြန် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရှိ နေရသည်။ ဝန်ကြီးဌာနသည် အဓိကမဟာဗျူဟာ ၃ ရပ် ပါဝင်သော ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွားလုပ်ငန်းကုစားမှု အစီအစဉ်ကို ချပြခဲ့ပြီးနောက် Tourism National Guidelines for COVID-19 Safe Services ကိုထုတ်ပြန် ပေးခဲ့သည်။

 

ဆက်လက်၍ မြန်မာနိုင်ငံအနေဖြင့် TravelBubble ကို ဖော်ဆောင်ရန်လိုအပ်ကြောင်း ၎င်း၏ ခရီးသွားလုပ်ငန်း ကုစားမှုအစီအစဉ်တွင် ထည့်သွင်းထားသည်။ သို့သော် stakeholder အများအပြားပါဝင်၍ ကွဲပြားသော လုပ်ငန်းစဉ်များစွာ ပါဝင်နေသော မြန်မာနိုင်ငံခရီးသွား လုပ်ငန်းတွင် Travel Bubble ကို မည်သို့အကောင်အထည် ဖော်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဝန်ကြီးဌာနအသီးသီး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက အရေးကြီးသလို ပုဂ္ဂလိကကဏ္ဍ၏ အခန်းကဏ္ဍကလည်း အရေးပါသည်သာ။

 

ကမ္ဘာ့နိုင်ငံအသီးသီး၏ ကိုဗစ်-၁၉ အလွန်ကာလ ခရီးသွားလုပ်ငန်းပြန်လည်စတင်မှုတွင် Travel Bubble ဖော်ဆောင်မှုသည် အလားအလာရှိသော စမ်းသပ်မှုတစ်ခု ဖြစ်လာသည်။ သေးငယ်သော Bubble မှသည် ပိုမိုကြီးမားသော Bubble သို့ ချဲ့ထွင်ဆောင်ရွက်ရန်မှာ အားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် Travel Bubble ကိုဖော်ဆောင်ရန် ရည်မှန်းလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း New Normal ခြေလှမ်းအတွက် Travel Bubble သည် အရုဏ်ဆည်းဆာပေလော။ ။