“မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက် ပြည့်မီရေး” ဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၁  ဇန်နဝါရီ  

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)တို့ ပူးပေါင်းဆောင်ရွက်သည့် “မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှု မျှော်မှန်းချက်ပြည့်မီရေး”ဆိုင်ရာ အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရုံးအမှတ်(၃၂)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်မှ အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ UNICEF Representative  Ms. June Kunugi မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

 

ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က “မျှော်မှန်းချက်အသစ်၊ ရလဒ်အသစ်” အဆင့်မြင့်ညီလာခံမှ ဆွေးနွေးခဲ့သည့်အချက်အ လက်များအပေါ် မူဝါဒဆိုင်ရာသုံးသပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 

 

mdn

 

ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ဦးဆောင်၍ ဆက်လက်ဆွေးနွေးခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ “ကလေးတိုင်းအတွက် ဘဝကို အကောင်းဆုံးနည်းလမ်းဖြင့် စတင်နိုင်အောင် ဆောင်ရွက်ပေးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနမှ“ကလေးတိုင်းအတွက် အရည်အသွေးမီ ပညာသင်ကြားခွင့် ရရှိစေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ပြည်ထဲရေးဝန်ကြီးဌာနမှ“ကလေးများအား အကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများမှ ကာကွယ်စောင့်ရှောက်ပေးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ “ကလေးများ၏ ဆင်းရဲမှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချပေးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ပေးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ “ထိရောက်သော စီမံချက်များဖြစ်စေရေးနှင့် ရန်ပုံငွေ ခွဲဝေချထားပေးရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ 

 

ဆက်လက်၍ Parallel Group Discussion ကို ဆက်လက်ပြုလုပ်ရာ Discussion Session တွင် ခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် အုပ်စုအလိုက် ပြန်လည် ဆွေးနွေးတင်ပြခဲ့ကြသည်။

    

ထိုနောက် UNICEF Deputy Representative၊ Mr. Paul Edwards  မှ ဦးဆောင်၍ အုပ်စုအလိုက် မိမိတို့သက်ဆိုင်ရာခေါင်းစဉ်ဖြင့် ဆွေးနွေးချက်များအပေါ် Presentation ပြုလုပ် ပြသခဲ့ကြသည်။ 

    

အဆိုပါအစည်းအဝေးသည် မြန်မာနိုင်ငံရှိ ကလေးများအတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ရရှိထားသော အဓိကတိုးတက်မှုရလဒ်များကို ဖော်ထုတ်ရန်၊ MSDP မဟာဗျူဟာများနှင့် ကိုက်ညီမှုရှိ/မရှိ သုံးသပ်ဆွေးနွေးရန်၊ MSDPနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆက်စပ်စီမံကိန်းများကို အကောင်အထည်ဖော်မှုသည် SDGs သဘောတရားနှင့်အညီ မြန်မာနိုင်ငံရှိ ကလေးတိုင်း ဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မည့် နယ်ပယ်များကို သတ်မှတ်ဖော်ထုတ်ရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်နေ့တွင် ကျင်းပမည့် “မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက် ပြည့်မီရေး အဆင့်မြင့်ဖိုရမ်” အတွက် အကြိုညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်သည်။

    

အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဦးစီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဗဟိုစာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း ၂၀ဝ ခန့် တက်ရောက်ခဲ့သည်။

 

(သတင်းစဉ်)