သန်းအောင်ကျော်

(စာရေးသူ သန်းအောင်ကျော်သည် အဖွဲ့ဝင် ၁၆ နိုင်ငံမှ ညှိနှိုင်းရေးမှူးများဖြင့် ဖွဲ့စည်းထားသည့် ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီတွင်  မြန်မာနိုင်ငံ၏ RCEP ကုန်သွယ်ရေး ညှိနှိုင်းရေးမှူးအဖြစ် ၂၀၁၉ ခုနှစ်မှစတင်ပြီး ဆွေးနွေးညှိနှိုင်းမှုများတွင် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်များအား ဦးဆောင်၍  ပါဝင်တက်ရောက်ဆွေးနွေးခဲ့သူဖြစ်ပါသည်။  ၎င်းသည် လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်နေသူ ဖြစ်ပါသည်။)

ဒေသတွင်း    ဘက်စုံစီးပွားရေး     ပူးပေါင်း ဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ညှိနှိုင်း ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ သတင်းစာတွင် အလျဉ်းသင့်သလို    ရေးသားဖော်ပြမှုများ ရှိခဲ့သလို ပြည်ထောင်စုလွှတ်တော်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်း တင်ပြမှုများ ရှိခဲ့ပါသည်။ ယခုအခါ အဆိုပါ သဘောတူစာချုပ်အား    ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၅ ရက်တွင်     ကျင်းပခဲ့သည့် လေးကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွား ရေးပူးပေါင်းဆောင်ရွက်မှု  ထိပ်သီးအစည်း အဝေး၌   အဖွဲ့ဝင်နိုင်ငံများ၏    စီးပွားရေး ဝန်ကြီးများက     နိုင်ငံ့ခေါင်းဆောင်များ၏ ရှေ့မှောက်တွင်  လက်မှတ်ရေးထိုးပြီးဖြစ်ပါ သည်။ RCEP စာချုပ်နှင့်စပ်လျဉ်း၍       အစိုးရ ဌာနများ၊  ပုဂ္ဂလိကကဏ္ဍမှ   လုပ်ငန်းရှင်များ အတွက်  သိသင့်သိထိုက်သည်များကို    သိရှိ စေရန် ရည်ရွယ်၍    ရေးသားဖော်ပြလိုက်ပါ သည်။

ယနေ့  နိုင်ငံတကာစီးပွားရေးလောကတွင် လူပြောများနေသည့်     RCEP ဆိုသည်မှာ ဘာကိုပြောနေကြတာပါလဲ။

ဒေသတွင်း ဘက်စုံစီးပွားရေး  ပူးပေါင်း ဆောင်ရွက်မှု (Regional Comprehensive Economic Partnership - RCEP) ဆိုသည် မှာ အာဆီယံအဖွဲ့ဝင်  ၁၀ နိုင်ငံနှင့် ယင်း၏ ဆွေးနွေးဖက် ခြောက်နိုင်ငံဖြစ်သော  တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်စေ့စပ်ညှိနှိုင်းခဲ့သည့် လွတ်လပ်သောကုန်သွယ်မှုဒေသ  ထူထောင် ရေးဆိုင်ရာ   သဘောတူစာချုပ်တစ်ခုဖြစ်ပါ သည်။

လက်မှတ်ရေးထိုးပြီးဖြစ်

RCEP ကို ၂၀၁၂ ခုနှစ်မှစတင်၍   ၁၆ နိုင်ငံမှ ကိုယ်စားလှယ်များက ဆွေးနွေးညှိနှိုင်း ခဲ့ရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့်       တတိယအကြိမ် RCEP ထိပ်သီးအစည်းအဝေး၌ အိန္ဒိယနိုင်ငံဝန်ကြီး ချုပ် Narendra Modi က    စေ့စပ်ညှိနှိုင်းဆဲ စာချုပ်တွင်  ကုန်သွယ်မှုနှင့်   ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ      အချို့ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံ၏       တောင်းဆိုချက်အပေါ် ကျန် ၁၅ နိုင်ငံ၏  လိုက်လျောမှုမရရှိသဖြင့် RCEP    စေ့စပ်ညှိနှိုင်းမှုတွင်     အိန္ဒိယနိုင်ငံ မပါဝင်တော့ကြောင်း      ကြေညာခဲ့ပါသည်။ သို့ပါ၍    အာဆီယံအဖွဲ့ဝင်   ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံ ငါးနိုင်ငံတို့က ၂၀၂၀ ပြည့်နှစ် အထိ     ဆက်လက်ဆွေးနွေးခဲ့ကြပြီးနောက်   ယခုအခါ      RCEP သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်

RCEP တွင်   လက်ရှိပါဝင်သည့်  နိုင်ငံ ၁၅ နိုင်ငံသည်    လူဦးရေအားဖြင့်   ၂ ဒသမ ၂ ဘီလီယံရှိသဖြင့်     ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းကို   ကိုယ်စားပြုပြီး  ထုတ်လုပ်မှု တန်ဖိုး   အမေရိကန်ဒေါ်လာ  ၂၆   ဒသမ ၂ ထရီလီယံရှိသဖြင့်လည်း   ကမ္ဘာ့ထုတ်လုပ်မှု တန်ဖိုး၏    ၃၀  ရာခိုင်နှုန်းခန့် ရှိပါသည်။ ထို့ပြင် RCEP နိုင်ငံများ၏  ကုန်သွယ်မှုသည် ကမ္ဘာ့စုစုပေါင်း    ကုန်သွယ်မှုပမာဏ၏    ၂၈ ရာခိုင်နှုန်းခန့် ပါဝင်သဖြင့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးစာချုပ်တစ်ခု အဖြစ် တင်စားခေါ်ဆိုကြပါသည်။

RCEP သဘောတူစာချုပ်ကို စေ့စပ်ညှိနှိုင်း ခဲ့ရာတွင်   ဈေးကွက်ဖွင့်လှစ်ရေးအပိုင်းနှင့် သဘောတူစာချုပ်တွင်  ထည့်သွင်းမည့်စာသား များကို     ဆွေးနွေးညှိနှိုင်းသည့်အပိုင်းဟူ၍ နှစ်ပိုင်းခွဲပြီး ၂၀၁၂ ခုနှစ်မှစတင်၍  ညှိနှိုင်းခဲ့ရာ ရှစ်နှစ်ခန့်  ကြာမြင့်ခဲ့ပါသည်။  အဆိုပါကာလ အတွင်း  နိုင်ငံ့ခေါင်းဆောင်များ တက်ရောက် သည့် ထိပ်သီးအဆင့်အစည်းအဝေး လေးကြိမ်၊ ဝန်ကြီးများ၏   ပုံမှန်နှင့်   ကြားဖြတ်အစည်း အဝေး  ၁၉ ကြိမ်နှင့်  ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီနှင့်  လုပ်ငန်းအဖွဲ့များ၏ ဆွေးနွေးမှု များကို လူကိုယ်တိုင် ပါဝင်တက်ရောက်သည့် အစည်းအဝေးများအပြင် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့်လည်း  အကြိမ်ပေါင်းများစွာ  ဆောင်ရွက် ခဲ့ပါသည်။

RCEP တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရမည် ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် မည်သို့ အကျိုး ရှိနိုင်မည်လဲ။

RCEP သဘောတူစာချုပ်၏ နိဒါန်းမှာပင် စာချုပ်ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု အဆင့်အမျိုးမျိုးရှိနေမှုကို ထည့်သွင်းစဉ်းစား လျက် အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့အတွက် အထူးအခွင့်အရေးများ ပေးရန်နှင့်     ဗီယက်နမ်နိုင်ငံအတွက်လည်း သင့်လျော်သည့်    အတိုင်းအတာတစ်ခုအထိ အခွင့်အရေးပေးရန်  သဘောတူခဲ့ကြပါသည်။ ထို့ပြင် ကုလသမဂ္ဂ၏ သတ်မှတ်ပြဋ္ဌာန်းချက် အရ  ဖွံ့ဖြိုးမှုအနည်းဆုံး  စာရင်းဝင်နိုင်ငံများ အတွက် စာချုပ်ပါသဘောတူညီချက်များကို လိုက်နာအကောင်အထည်ဖော်ရာတွင် လိုအပ် ချက်များရှိလာပါက ထပ်ဆောင်းဖြေလျှော့ပေးမှုများပေးရန်ကိုလည်း    သဘောတူခဲ့ကြပါ သည်။  ဥပမာအားဖြင့်  သဘောတူစာချုပ်ပါ အကောက်ခွန်လျှော့ချခြင်း/   ဖယ်ရှားခြင်း အစီအစဉ်တွင်   ကမ္ဘောဒီးယား၊   လာအိုနှင့် မြန်မာနိုင်ငံတို့သည် အခြားသော စာချုပ်ဝင် နိုင်ငံများထက်ပို၍   အထူးအခွင့်အရေးများကိုထည့်သွင်းထားပါသည်။ RCEP အဖွဲ့ဝင်နိုင်ငံ များသည်    စာချုပ်အာဏာသက်ဝင်သည့် အချိန်တွင်   ကုန်စည်လိုင်းအားလုံး၏   ၆၅ ရာခိုင်နှုန်းကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုရမည်ဖြစ်သော်လည်း မြန်မာ၊ ကမ္ဘောဒီးယား နှင့်  လာအိုနိုင်ငံတို့သည် ၃၀ ရာခိုင်နှုန်းသာ ကင်းလွတ်ခွင့်ပေးရမည်ဖြစ်ပါသည်။   ထို့ပြင် စာချုပ်အာဏာသက်ဝင်ပြီး ၁၀ နှစ်အကြာတွင် ကျန်အဖွဲ့ဝင်နိုင်ငံများက       ကုန်စည်လိုင်း စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို အခွန်ကင်းလွတ် ခွင့်ပြုရမည်ဖြစ်သော်လည်း    မြန်မာနိုင်ငံက ၁၅  နှစ်အကြာတွင်မှ    အခွန်ကင်းလွတ်ခွင့် ပြုရမည်ဖြစ်ပါသည်။

ထို့ပြင်      ဖွံ့ဖြိုးမှုအနည်းဆုံးစာချုပ်ဝင် နိုင်ငံများအနေဖြင့်   ကုန်သွယ်မှုနှင့်   ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများ    ပိုမိုချဲ့ထွင်နိုင်ရန် အတွက် ဒေသတွင်းနှင့်  ကမ္ဘာ့ကုန်ထုတ်လုပ် မှုနှင့်  တန်ဖိုးကွင်းဆက်တို့တွင်  ချိတ်ဆက် ပါဝင်စေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ဤသဘောတူစာချုပ်အောက်ရှိ ကတိကဝတ် များကို  ထိရောက်စွာ  အကောင်အထည်ဖော် နိုင်ရန်နှင့်     အကျိုးအမြတ်ရရှိနိုင်စေရန် အတွက်       လိုအပ်ချက်များရှိပါကလည်း  အဆိုပါလိုအပ်ချက်များကို   ထည့်သွင်းစဉ်းစား မည်ဖြစ်ကြောင်း     သဘောတူထားခဲ့ကြပါ သည်။

ပူးပေါင်းဆောင်ရွက်မှုသာ လိုအပ်

အနာဂတ်တွင် ပြောင်းလဲတိုးတက်လာ မည့်    အခြေအနေများကို    မျှော်မှန်း၍ သဘောတူစာချုပ်တွင်    ထည့်သွင်းထားသည့်   အီလက်ထရောနစ်     ကူးသန်းရောင်းဝယ် ရေးအခန်း၊  အသိဉာဏ်ပစ္စည်း  မူပိုင်ခွင့် အခန်းနှင့်  ယှဉ်ပြိုင်မှုအခန်းတို့တွင်ပါရှိသော ကတိကဝတ်များကို အကောင်အထည်ဖော် ရာတွင်လည်း   မြန်မာနိုင်ငံအတွက်  အသွင် ကူးပြောင်းရေးကာလကို    ကဏ္ဍအလိုက် အနည်းဆုံး သုံးနှစ်မှ အများဆုံး ၁၀ နှစ်အထိ လည်းကောင်း၊       ဝန်ဆောင်မှုကုန်သွယ်ရေး အခန်းတွင်     အသွင်ကူးပြောင်းရေးကာလကို ၁၅ နှစ်အထိလည်းကောင်း အချိန်ယူညှိနှိုင်း ထားရှိပါသည်။     အစိုးရဝယ်ယူရေးအခန်း အတွက်လည်း      မြန်မာနိုင်ငံအနေဖြင့် စာချုပ်ပါ ကတိကဝတ်များကို ကင်းလွတ်ခွင့် ရရှိပြီး   အဖွဲ့ဝင်နိုင်ငံများအကြား  ပွင့်လင်း မြင်သာမှုရှိစွာဖြင့်    ပူးပေါင်းဆောင်ရွက်မှု ကိုသာ လိုအပ်မည်ဖြစ်ပါသည်။

အာဆီယံအဖွဲ့ဝင်    နိုင်ငံတစ်နိုင်ငံဖြစ် သည့် မြန်မာနိုင်ငံသည် ခေတ်မီ၍  အဆင့် မြင့်သော RCEP တွင် အဖွဲ့ဝင်အဖြစ် ပါဝင် ခြင်းဖြင့် မိမိနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက် လိုအပ်သော ဥပဒေ၊  မူဘောင်နှင့်   လုပ်ထုံးလုပ်နည်းများ ကို   နိုင်ငံတကာအဆင့်အတန်းမီ   ပြုပြင် ပြောင်းလဲ၍     လိုက်ပါဆောင်ရွက်နိုင်မည့် အခွင့်အလမ်းရရှိမည်ဖြစ်သကဲ့သို့    အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအသီးသီးတို့မှ  အဖွဲ့အစည်း များ၏ စွမ်းဆောင်ရည်များကိုပါ နိုင်ငံတကာ အဆင့်သို့ မြှင့်တင်နိုင်မည့် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ပါသည်။

ထို့ပြင်  စာချုပ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများ ပါဝင်သည့်အတွက်  မြန်မာနိုင်ငံ၏ ပို့ကုန်များ အတွက်  ကြီးမားကျယ်ပြန့်သည့်ဈေးကွက်ကို  ရရှိစေမည်ဖြစ်ပါသည်။   ဂျပန်၊   ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်၊ စင်ကာပူနိုင်ငံတို့ ကဲ့သို့   နည်းပညာနှင့်    စီးပွားရေးဖွံ့ဖြိုး တိုးတက်သော အာရှနိုင်ငံအများစုပါဝင်သည့် အတွက်လည်း           သဘောတူစာချုပ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ  တာဝန်ခံမှု၊ တာဝန်ယူမှုရှိသည့် အရည်အသွေးမြင့် ရင်းနှီး မြှုပ်နှံမှုများ  စီးဝင်လာနိုင်မည့် အခွင့်အလမ်း များကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။

RCEP သည်    မြန်မာနိုင်ငံက   အဖွဲ့ဝင်အဖြစ်     လက်ရှိပါဝင်ဆောင်ရွက်နေသည့်  လွတ်လပ် သော        ကုန်သွယ်မှုသဘောတူစာချုပ် (Free Trade Agreements – FTAs) များနှင့် မည်သို့ကွာခြားပါသလဲ။   RCEP ကို  ပိုမို ခေတ်မီပြီး ကဏ္ဍစုံပါဝင်သည့်  ကုန်သွယ် မှုစာချုပ်ဟု ဘာ့ကြောင့် ခေါ်ဆိုပါသလဲ။

RCEP သဘောတူစာချုပ်သည်  လက်ရှိ အကောင်အထည်ဖော်လျက်ရှိတဲ့  အာဆီယံ နှင့် ဆွေးနွေးဖက်နိုင်ငံများအကြား အပေါင်း တစ် လွတ်လပ်သောကုန်သွယ်မှု သဘောတူ စာချုပ် (+1 FTAs) များဖြစ်သည့် အာဆီယံ-ကိုရီးယား၊ အာဆီယံ-ဂျပန်၊ အာဆီယံ-တရုတ်၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-ဩစတြေးလျ-နယူးဇီလန်နှင့်    အာဆီယံ-ဟောင်ကောင် တို့ထက် ပိုမိုပြည့်စုံ၊ အရည်အသွေးမြင့်မားပြီး အဖွဲ့ဝင်များအကြား  အပြန်အလှန်  အကျိုး ရှိစေမည့်  စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တစ်ခုဟု ဆိုနိုင်ပါသည်။

သဘောတူစာချုပ်တွင်    ပါဝင်သည့် အခန်းများကို လေ့လာကြည့်လျှင် ယခင်က ရှိခဲ့သည့် အာဆီယံ၏ ကုန်သွယ်ရေးသဘော တူစာချုပ်များတွင် မပါဝင်ခဲ့သည့် နယ်ပယ် များဖြစ်သည့်  အီလက်ထရောနစ် ကူးသန်း ရောင်းဝယ်ရေးအခန်း၊     အသေးစားနှင့် အလတ်စားလုပ်ငန်းများ အခန်း၊  အစိုးရ ဝယ်ယူရေးအခန်းနှင့်   အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အခန်း     စသည့်အခန်းများကိုပါ ထည့်သွင်းထားပါသည်။ အဆိုပါ အခန်းများ သည်    အနာဂတ်ကမ္ဘာ့လွတ်လပ်သော ကုန်သွယ်ရေးနယ်မြေ     ထူထောင်သည့် စာချုပ်များအတွက်  မဖြစ်မနေအရေးပါလာ မည့် နယ်ပယ်များ ဖြစ်ပါသည်။ ဥပမာအားဖြင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး အခန်းကို ထည့်သွင်းခြင်းဖြင့်  နိုင်ငံတိုင်း၏ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး ဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ  စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြဋ္ဌာန်းဆောင်ရွက်နိုင်ခြင်းဖြင့်       နိုင်ငံ ဖြတ်ကျော်   အီလက်ထရောနစ်  ကူးသန်း ရောင်းဝယ်မှုကို စနစ်တကျ  ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။   ထို့အပြင်   အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင် မှုကြောင့်  အဖွဲ့ဝင်နိုင်ငံများ၏  ဆန်းသစ် တီထွင်မှုများကို   အားပေးမှု၊   ကာကွယ် မြှင့်တင်မှုပြုနိုင်မည့်အပြင်  မိရိုးဖလာ အစဉ် အလာယဉ်ကျေးမှု  ဓလေ့ထုံးတမ်းများကို ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။

RCEP က COVID အလွန်  မြန်မာနိုင်ငံအပါ အဝင်  ဒေသတွင်းနိုင်ငံများ၏   စီးပွားရေး ပြန်လည်ဦးမော့လာစေရန်  မည်သို့အထောက် အကူပြုနိုင်မလဲ။

ယနေ့အချိန်အခါတွင်   COVID – 19 ဖြစ်ပွားမှုကြောင့်   ကမ္ဘာတစ်ဝန်းစီးပွားရေး ဖွံ့ဖြိုးမှု    သိသိသာသာ    ကျဆင်းလျက်ရှိပါ သည်။  တစ်ဖက်တွင်လည်း    အင်အားကြီး နိုင်ငံအချို့အကြား        ကိုယ်ကျိုးစီးပွား ကာကွယ်မှုမူဝါဒများ     ကျင့်သုံးမှုကြောင့် ကုန်သွယ်ရေးတင်းမာမှုများ  ဖြစ်ပေါ်လျက် ရှိပါသည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဦးဆောင်သည့်    စည်းမျဉ်းအခြေခံနိုင်ငံစုံ ကုန်သွယ်မှုစနစ်အတွက်      စိန်ခေါ်မှုများ ရှိနေသည့် အချိန်လည်းဖြစ်ပါသည်။ အဆိုပါ အခြေအနေများတွင်      ကမ္ဘာ့စီးပွားရေး အင်အားကြီးမားသော      အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည့်    RCEP သဘောတူစာချုပ်ကို အောင်မြင်စွာ   လက်မှတ်ရေးထိုးချုပ်ဆိုနိုင် ခြင်းက စည်းမျဉ်းအခြေခံ နိုင်ငံစုံ ကုန်သွယ် မှုစနစ်ကို ပြန်လည်ရှင်သန် အသက်ဝင်စေ မည်ဖြစ်သည့်အတွက်       ဒေသတစ်ခုလုံး အတွက်သာမက   ကမ္ဘာ့စီးပွားရေး   ဖွံ့ဖြိုး တိုးတက်မှုကိုပါ   မြှင့်တင်စေနိုင်မည့်   အခွင့် အလမ်းတစ်ရပ်အဖြစ်      ရှုမြင်ကြပါသည်။  ထို့အပြင်  စာချုပ်တွင်   ဖွံ့ဖြိုးပြီးနိုင်ငံများ ပါဝင်သည့်အတွက်   COVID – 19 အလွန် ကာလတွင်   မြန်မာနိုင်ငံ၏   စီးပွားရေးကို ပြန်လည်ဦးမော့လာအောင်      ကြိုးပမ်း ဆောင်ရွက်ရာတွင် မြန်မာ့ပို့ကုန်များအတွက် ပိုမိုကျယ်ပြန့်သည့် ဈေးကွက်ကို ရရှိစေမည် ဖြစ်သဖြင့်  ကုန်သွယ်မှုနှင့်   ရင်းနှီးမြှုပ်နှံမှု တို့အတွက်      အခွင့်အလမ်းကောင်းများကို ရရှိစေမည်ဖြစ်ပါသည်။

အခွင့်အလမ်း ပိုမိုရရှိမည်

အထူးသဖြင့် COVID – 19 အလွန်ကာလ တွင် နည်းပညာကိုအခြေခံသည့် ဒစ်ဂျစ်တယ် စီးပွားရေးသို့ အသွင်ကူးပြောင်းရာတွင် လိုအပ် သည့်  နည်းပညာနှင့်   အကူအညီများကို ဤစာချုပ်ပါ စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်မှုအခန်းပါ   သဘောတူညီချက်များ နှင့်အညီ   ရယူဆောင်ရွက်သွားနိုင်မည်ဖြစ်ပါ သည်။  အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအနေဖြင့်လည်း   RCEP စာချုပ် အဖွဲ့ဝင်  ၁၅ နိုင်ငံအကြား စီးပွားရေးအရ ပိုမို ချိတ်ဆက်ဆောင်ရွက်နိုင်သည့်   အခွင့်အရေး များကို ရရှိမည်ဖြစ်ရာ  မြန်မာနိုင်ငံမှ အသေး စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့်      ကမ္ဘာ့ထုတ်လုပ်မှုကွန်ရက်နှင့် ချိတ်ဆက်နိုင်မည့်   အခွင့်အလမ်းများ  ပိုမို ရရှိမည်ဖြစ်ပါသည်။

RCEP တွင် အိန္ဒိယနိုင်ငံက  လတ်တလော မပါဝင်နိုင်ရတာ ဘာကြောင့်ပါလဲ။

အိန္ဒိယနိုင်ငံအနေဖြင့်       စာချုပ်တွင် လတ်တလောပါဝင်နိုင်ခြင်းမရှိသည့်     အခြေ အနေအား လေ့လာသုံးသပ်ရာတွင် အိန္ဒိယနိုင်ငံ သည် အာဆီယံ ၁၀ နိုင်ငံနှင့် ကုန်စည်ကုန်သွယ် ရေး    သဘောတူစာချုပ်ကိုလည်းကောင်း၊ ကျန် RCEP အဖွဲ့ဝင်နိုင်ငံများအနက်  ဂျပန်၊ ကိုရီးယားတို့နှင့်  လွတ်လပ်သောကုန်သွယ် မှုဒေသ  စာချုပ်တို့ကိုလည်းကောင်း  ချုပ်ဆို ထားပြီးဖြစ်သော်လည်း တရုတ်၊ ဩစတြေးလျ၊ နယူးဇီလန်တို့နှင့် နှစ်နိုင်ငံ FTA ချုပ်ဆိုထား ခြင်းမရှိကြောင်း  တွေ့ရှိရပါသည်။    RCEP စာချုပ်တွင် ပါဝင်ခြင်းဖြင့် အိန္ဒိယနိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံအပြင် တရုတ်နိုင်ငံအပါအဝင် ကျန်ငါးနိုင်ငံတို့နှင့်ပါ       လွတ်လပ်သော ကုန်သွယ်မှု ဒေသစည်းမျဉ်းများအရ ဈေးကွက် ဖွင့်လှစ်ပေးရမည်ဖြစ်ပါသည်။      အဆိုပါ အခြေအနေအရ အိန္ဒိယနိုင်ငံသည် ယခင် FTA မရှိခဲ့ဖူးသော   နိုင်ငံများမှ   ပို့ကုန်များအား ဈေးကွက်ဖွင့်ပေးရာတွင်  ၎င်း၏ပြည်တွင်း အခြေအနေလိုအပ်ချက်အရ  အသင့်မဖြစ်သေး သဖြင့် လတ်တလောတွင် RCEP တွင် ပါဝင်နိုင် မှုမရှိခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။

ဆက်လက်လမ်းဖွင့်ပေးမည်

အိန္ဒိယနိုင်ငံသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ မှစ၍ ၎င်း၏ ပြည်တွင်းအခြေအနေ လိုအပ် ချက်များရှိနေမှုကြောင့် RCEP စေ့စပ်ညှိနှိုင်းမှု တွင်  မပါဝင်တော့သော်လည်း  စတင်ညှိနှိုင်း ခဲ့သည့် ၂၀၁၂ ခုနှစ်ကပင် အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ခြင်း၊ မဟာဗျူဟာအရလည်း အရေးပါခြင်း၊ လက်ရှိအခြေအနေအရ စာချုပ်တွင် ပါဝင်နိုင် ခြင်းမရှိသည့်အပေါ် ကျန်အဖွဲ့ဝင်နိုင်ငံအားလုံး က နားလည်မှုပေးနိုင်ခြင်းတို့ကြောင့် စာချုပ်လက်မှတ်ရေးထိုးပြီးသည့်တိုင်  အိန္ဒိယနိုင်ငံ အနေဖြင့် အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာနိုင်ရေး အတွက်   ဆက်လက်လမ်းဖွင့်ပေးထားမည် ဖြစ်ပါသည်။

RCEP လွတ်လပ်သော ကုန်သွယ်မှုဒေသမှာ ပါဝင်မှုကြောင့် မြန်မာ့ပြည်တွင်းဈေးကွက်ကို ထိခိုက်နိုင်မလား။

မြန်မာနိုင်ငံသည်     ၁၉၉၇ ခုနှစ်တွင် အာဆီယံသို့   ဝင်ရောက်ခဲ့ပြီး    အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ  အာဆီယံ လွတ်လပ်သော   ကုန်သွယ်မှုဒေသ၌   ပါဝင် လျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်တွင် အာဆီယံ−တရုတ် ကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် (ACTIGA)၊ ၂၀၀၆ ခုနှစ်တွင် အာဆီယံ−ကိုရီးယား ကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် (AKTIGA)၊ ၂၀၀၈ ခုနှစ်တွင်     အာဆီယံ−ဂျပန်  ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု  သဘောတူ စာချုပ် (AJCEP)၊ ၂၀၀၉ ခုနှစ်တွင် အာဆီယံ−အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးသဘောတူ စာချုပ် (AITIGA) နှင့် အာဆီယံ−ဩစတြေး လျ−နယူးဇီလန်  လွတ်လပ်သော  ကုန်သွယ် မှုဒေသ  ထူထောင်မှုဆိုင်ရာ   သဘောတူ စာချုပ် (AANZFT)  တို့အရ    အဆိုပါ ခြောက်နိုင်ငံနှင့် လွတ်လပ်သော   ကုန်သွယ် မှုဒေသများကို  ပါဝင်ဆောင်ရွက်ခဲ့သည်မှာ     ဆယ်စုနှစ်  တစ်ခုနှင့်အထက်    အတွေ့အကြုံ ရှိခဲ့ပြီးဖြစ်ပါသည်။

အကျိုးခံစားခွင့် ရရှိလျက်ရှိ

မြန်မာနိုင်ငံအနေဖြင့်    အာဆီယံကို  ဗဟိုပြု၍ ချုပ်ဆိုထားသော အထက်ပါ FTA များအရ မိမိပို့ကုန်များအား အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့်    အဆိုပါနိုင်ငံများ၏ ဈေးကွက်များသို့ တင်ပို့၍ အကျိုးခံစားခွင့် များ ရရှိလျက်ရှိပါသည်။ ယခု RCEP စာချုပ် တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းသည်  အာဆီယံ ၁၀ နိုင်ငံအပြင်  ကျန်အဖွဲ့ဝင်   ငါးနိုင်ငံနှင့် ဆယ်စုနှစ်တစ်ခုကျော်    လွတ်လပ်သော ကုန်သွယ်မှုဒေသ  အကောင်အထည်ဖော်မှု အတွေ့အကြုံကို   အခြေခံ၍   ပြည်တွင်း လုပ်ငန်းများအနေဖြင့် စာချုပ်ပါ စည်းမျဉ်း များနှင့်အညီ အကျိုးရှိစွာ အသုံးချနိုင်မည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ဒေသတွင်း ဘက်စုံ စီးပွားရေး  ပူးပေါင်းဆောင်ရွက်မှု (RCEP) ကို စတင်ညှိနှိုင်းဆွေးနွေးစဉ်ကပင် လိုအပ် သည့် မူဝါဒရေးရာကိစ္စရပ်များကို လမ်းညွှန် မှုပေးခဲ့သော  နိုင်ငံတော်အကြီးအကဲများ၊ စေ့စပ်ညှိနှိုင်းရာတွင်      တွေ့ကြုံရသည့် အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် လမ်းညွှန်မှုပေးသည့်     ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်  စာချုပ်ပါ အခန်း အလိုက်၊ နယ်ပယ်အလိုက် ၁၆ နိုင်ငံ စေ့စပ် ညှိနှိုင်းရာ၌  ကျွန်တော်နှင့်အတူ  မိမိတို့၏ သက်ဆိုင်ရာကဏ္ဍများတွင်    မိမိနိုင်ငံ၏ အကျိုးစီးပွားအတွက်  ရပ်တည်၍  ပါဝင် ဆွေးနွေးခဲ့ကြသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊  စီးပွားရေး နှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊  မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ကျွန်တော်၏ မိခင်ဝန်ကြီးဌာန ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနများမှ သက်ဆိုင် ရာ လုပ်ငန်းအဖွဲ့များ၏ အဖွဲ့ဝင်အရာရှိများ အားလုံးကိုလည်းကောင်း၊  ထို့အတူ စေ့စပ် ညှိနှိုင်းမှု  လုပ်ငန်းစဉ်တစ်ခုလုံးတွင် ဥပဒေ ဆိုင်ရာရှုထောင့်မှ ပါဝင်ညှိနှိုင်းပေးခဲ့သည့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ  အရာရှိများ ကိုလည်းကောင်း  အထူးပင် ကျေးဇူးတင် ရှိပါကြောင်း      ရေးသားဖော်ပြလိုက်ရပါသည်။

ကြေးမုံ