မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ်မှာ ယုံကြည်ပြီးတော့ မြန်မာနိုင်ငံစီးပွားရေးကို ပိုမိုတိုးတက်အောင်လို့ အစိုးရဘက်ကရော စီးပွားရေး လုပ်ငန်းရှင်တွေဘက်ကရော အဖက်ဖက်က ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မြင်ပါတယ်။ (ဒုတိယဝန်ကြီး ဦးအောင်ထူး)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲအခမ်းအနားကို သြဂုတ် ၂၇ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန- ၁ (MICC I)၌ ကျင်းပခဲ့ရာ ပုဂ္ဂလိက စီးပွားရေးကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အခွန်ထမ်းများ၊ UEHRD ပြည်ထောင်စုစီမံကိန်း၌ အလှူငွေထည့်ဝင်သူများနှင့် ဘဏ်ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

 

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေ၊ ယနေ့ တွေ့ဆုံပွဲနှင့်ပတ်သက်၍ အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် အခမ်း အနားသို့ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းအချို့တို့နှင့် မြန်မာ့အလင်းသတင်းအဖွဲ့ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည် - 

 

ဒုတိယဝန်ကြီး ဦးအောင်ထူး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

 

ဒီနေ့အခမ်းအနားကတော့ မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ကနေပြီးတော့ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အခွန်ထမ်းတွေ၊ UEHRD မှာ အလှူထည့်ဝင်တဲ့ ပုဂ္ဂိုလ်တွေ၊ ဘဏ်ဥက္ကဋ္ဌတွေ၊ မြန်မာနိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေက ခေါင်းဆောင်တွေတွေ့ဆုံတဲ့ အစည်းအဝေးပါပဲ။ အဓိကကတော့ သက်ဆိုင်ရာ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကစီးပွားရေး ခေါင်းဆောင်တွေက သူတို့ရဲ့လိုလားချက်တွေ၊ သူတို့ရဲ့အကြံပြုချက်တွေနားထောင်ဖို့ရယ်၊ သူတို့သိလိုတဲ့အချက်အလက်တွေကို ပြန်ပြီးတော့ ဖြေကြားပေးဖို့ပါ။ ကျွန်တော် စီးပွားရေးစကားဝိုင်းတုန်းကလည်း ပြောပြီးပါပြီ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ တိုးတက်နေပါတယ်။ ဒါပေမယ့်တိုးတက်တာ ကတော့ ဒီထက်တော့နည်းနည်းလေးပိုမြန်ဖို့ကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီအရှေ့တောင်အာရှဒေသမှာ ကျွန်တော်တို့ထက်မြင့်တာဆိုရင် ဗီယက်နမ်တို့၊ ကမ္ဘောဒီးယားတို့ ကျွန်တော်တို့နဲ့တန်းတူတာဆိုရင် လာအိုတို့ရှိနေတယ်။ ဒီနှုန်းတွေထက်ပိုတက်နိုင်လို့ရှိရင် ပိုကောင်းတာပေါ့။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ရဲ့ တစ်ဦးချင်းဝင်ငွေက ကျန်တဲ့ နိုင်ငံတွေထက် နည်းနည်းလေးနိမ့်နေသေးတယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့စီးပွားရေးကတိုးတက်နေတယ် ဒါပေမယ့် ဒီထက် ပိုတိုးတက်ဖို့တော့ လိုအပ်နေပါသေးတယ်။ အဲလိုလိုအပ်တဲ့အတွက် အခုက စီးပွားရေးနဲ့ပတ်သက်တဲ့ စုစည်းလှုပ်ရှားမှုတစ်ခု ပါ။ တကယ်တမ်းကျတော့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လို့ ပုံမှန်အနေနဲ့ မပြုလုပ်နိုင်ခဲ့တဲ့အခါကျတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒုတိယ သမ္မတ ဦးမြင့်ဆွေကို တာဝန်ပေးခဲ့တယ်။ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ပုဂ္ဂလိကကဏ္ဍထိတွေမှုတွေကတော့ UMFCCI အသင်း မှာသာ လစဉ်ပြုလုပ်နေတာဖြစ်ပါတယ်။

 

အခုဆိုရင် ၁၉ ကြိမ်အထိ ရောက်ခဲ့ပြီဖြစ်ပါတယ်။ အဲလို တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီး အခုတစ်နှစ်ကျော် အကြာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တွေ့ဆုံခြင်းဖြစ်ပါတယ်။ ဒေါ်လာဈေး တက်တာကတော့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကြောင့်ပေါ့။ ဒါလည်း အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ အမေရိကန်ဒေါ်လာ ရဲ့တန်ဖိုးကတက်လာတဲ့အခါ နှိုင်းယှဉ်ခြင်းအားဖြင့် ကျန်တဲ့နိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးတွေက ကျသွားတာ ဖြစ်ပါတယ်။ ကျတဲ့အခါ အချိုးကတော့ သိပ်မညီကြဘူး တချို့ ၄ ရာခိုင်နှုန်းလောက်ကျတယ်။ တချို့က ၇ ရာခိုင်နှုန်းလောက်ကျတယ်။ တချို့က ၁၀ ရာခိုင်နှုန်းလောက်ကျတယ်။ အဲဒါကလည်း သက်ဆိုင်ရာနိုင်ငံရဲ့ အရန်ငွေကြေးပမာဏနဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ မူတည်ပါတယ်။ အားကောင်းတဲ့ နိုင်ငံတွေမှာ သိပ်ပြီးတော့ မသိသာဘူး။ ဥပမာ- ထိုင်းနိုင်ငံမှာဆိုရင် ထိုင်းဘတ်က သိပ်ပြီးတော့ ပြဿနာမရှိဘူး။ သူကပိုပြီးတောင် တန်ဖိုးတက်လာတဲ့သဘောရှိတယ်။ အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် ငွေတန်ဖိုးဟာ ၇ ရာခိုင်နှုန်းလောက်ကျသွားတာတွေ့ရပါတယ်။

 

အဲဒီမှာလည်း သူတို့ရဲ့သမ္မတက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို တွေ့ဆုံပြီးတော့ ဒါကိုကူညီဖြေရှင်းဖို့ အကူအညီတောင်းခံတာရှိပါတယ်။ အားလုံးတော့ ဒီနေ့ တွေ့ဆုံပွဲကိုလာတာ အယောက် ၁၈၀ ကျော်ရှိပါတယ်။ သူတို့တွေက  မြန်မာနိုင်ငံမှာတော့ ပုဂ္ဂလိက စီးပွားရေး ခေါင်း ဆောင် တွေလို့ ပြောလို့ရပါတယ်။ ရလဒ်အနေနဲ့ကတော့ စီးပွားရေးအင်အားစုတွေကု စုစည်းမှုလို့ခေါ်ပါတယ်။ အဲဒီကနေ ပြီးတော့ Consumcept သဘောထားတူညီမှုတစ်ခုရမယ်လို့ထင်ပါတယ်။ အဲဒီသဘောထားတူညီမှုကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ်မှာ ယုံကြည်ပြီးတော့ မြန်မာနိုင်ငံစီးပွားရေးကို ပိုမိုတိုးတက်အောင်လို့ အစိုးရဘက်ကရော စီးပွားရေး လုပ်ငန်းရှင်တွေဘက်ကရော အဖက်ဖက်က ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မြင်ပါတယ်။ 

 

 

ဒေါက်တာအောင်ထွန်းသက်
UEHRD ညှိနှိုင်းရေးမှူးချုပ်

 

ကျွန်တော်တို့အခြေခံကတော့ ဒီနိုင်ငံတစ်နိုင်ငံစီးပွားရေးနဲ့ပတ်သက်လာရင် အရေးပါတဲ့ကဏ္ဍကတော့ နိုင်ငံတော်အစိုးရ ဆိုပေမယ့် လက်တွေ့ကျကျလုပ်တာကတော့ ပုဂ္ဂလိကကဏ္ဍပေါ့။ ပုဂ္ဂလိကကဏ္ဍကို ဒီနေ့ ခေါ်ယူတွေ့ပေးတာ တကယ် တမ်းတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဖြစ်ချင်တဲ့ Vision ကို ကိုယ့်နိုင်ငံ ဘယ်ပုံဘယ်နည်းတိုးတက်ချင်တယ် ဆိုတာရယ်၊ အဲလိုတိုးတက်တဲ့အခါမှာ နိုင်ငံတော်အစိုးရကလည်း ဦးဆောင်သလို ပုဂ္ဂလိက ကဏ္ဍကလည်းပါဖို့လိုတယ်။ အဲဒီတော့ ကျွန်တော့မျှော်လင့်ချက်ကတော့ ပုဂ္ဂလိကကဏ္ဍကို အားပေးတာဖြစ်ပါတယ်။ တည့်တည့်ပြောရရင် သူဌေးတွေရှိမှ ဖြစ်မှာပါ။ ကျွန်တော်တို့နိုင်ငံမှာသူဌေးတွေ၊ လုပ်ငန်းရှင်တွေများများရှိရင် အလုပ်တွေရှိမယ်။ အလုပ်တွေရှိရင် အလုပ်သမားတွေရှိမယ်။ ကိုယ့်နိုင်ငံမှာအခုဆိုရင် အခွင့်အလမ်းတွေအများကြီးပဲ။ အခက်အခဲ စိန်ခေါ်မှုတွေ ရှိတာကတစ်ပိုင်း၊ အဲဒီတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အားပေးတာဖြစ့်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍလက်တွဲ လုပ်နိုင်မယ်ဆိုရင်တော့ ဆရာတို့အတွက် အခြေအနေအများကြီးကောင်းတာပေါ့။ အဲလိုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ 

 

ကျွန်တော်တို့ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ၁၉ ကြိမ်လောက်တွေ့ပြီးတဲ့အခါမှာ ဘာတွေဆုံးဖြတ်ခဲ့တယ်။ ဘာတွေ ဆက်လုပ်မလဲ ဆိုတာကို ကုန်သည်ကြီးများအသင်းက စီစစ်ခဲ့တာမှာ ဘယ်လောက်ထိပြီးပြီ ဘယ်လောက်ထိမပြီးဘူး။ ဆိုတာထက် ဘာတွေလိုနေလဲဆိုတာ ဆရာတို့ဆုံးဖြတ်တယ်။ ဒါပေမယ့် အဲဒါထက်ထူးခြားတာက ဒုတိယသမ္မတနဲ့ တွေ့ဆုံတာအပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်တွေ့လိုက်တာဟာ လုပ်ငန်းရှင်တွေအားလုံး ကလည်း အားရမယ်လို့ ထင်ပါတယ်။ ကိုယ့်နိုင်ငံတိုးတက်ဖို့ဆိုရင် သူတို့ကလည်းပါဝင်ချင်တာပဲ။ ဒီနေ့ ဒေါ်လာဈေးနဲ့ ပတ်သက်လို့ ပြောရရင် ဆရာတို့ ငယ်ငယ်တုန်းကပြောလေ့ ရှိတယ်။ ဖန်ခွက်တစ်ခွက်မှာ ရေတစ်ဝက်ထည့်ရင် တချို့တွေ့လည်း တစ်ဝက်ရှိတယ်လို့ ပြောတဲ့သူက ပြောတယ်။ တချို့တွေကလည်း တစ်ဝက်လွတ်တယ်လို့ ပြောတဲ့သူပြောတယ်။  အဲလိုပဲ စီးပွားရေးလုပ်ငန်းရှင်နှစ်ယောက်ကိုမေးရင် အဖြေကသုံးခုရလာတယ်။ အဲဒီတော့ တူညီတဲ့အဖြေမရနိုင်ဘူး။ ဘာကြောင့်လဲဆိုရင် ကြည့်တဲ့ပုံစံမတူဘဲကို။ အခုလူတွေအားလုံးစိတ်ဝင်စားနေတဲ့ ဒေါ်လာဈေးကြီးနေတယ်။ ဒေါ်လာဈေးကြီးတဲ့အတွက် ဘယ်သူနစ်နာလည်းလို့ပြောရင် သွင်းကုန်သမားတွေ နစ်နာတယ်။ အပြင်ကသွင်းတဲ့သွင်းကုန်တွေရဲ့ တန်ဖိုးကကြီးတော့  အခက်အခဲရှိတယ်။ အဲဒီလိုသွင်းကုန်သမားတွေနစ်နာသလို ပို့ကုန်သမားကျတော့ အားသာချက်ရှိတယ်။ သွင်းကုန်သမား တွေအခက်အခဲရှိတာ။ စိန်ခေါ်မှုရှိတာကိုနားလည်ပါတယ်။ တစ်ဖက်ကလည်းဒါအရေးကြီးတာပဲ။ ဒါပေမယ့်လည်း ပို့ကုန်သမားအတွက်အကျိုးရှိတာကိုလည်း မီးမောင်းထိုးဖို့တော့လိုလိမ့်မယ်။ စီးပွားရေးဆိုတာတက်တာရှိတယ်။ ကျတာရှိ တယ်။

 

နောက်တစ်ခုက စီးပွားရေးရဲ့ကိန်းဂဏန်းပေါ့။ စီးပွားရေးလုပ်တဲ့အခါမှာ အချက်အလက်တွေ ကိန်းဂဏန်းတွေ ဘယ်ကရလည်းဆိုတာ ပေါ်တာကိုး။ အဲဒီတော့ နိုင်ငံတော်က ထုတ်ထားတဲ့ကိန်းဂဏန်းတွေရော ပြည်သူတွေ အရပ်ဖက် လူ့အဖွဲ့အစည်းတွေစုစည်းထားတဲ့ ကိန်းဂဏန်းတွေရော ဒါနဲ့စားရမှာပဲ။ ဆရာထင်တယ် အဖြေတစ်ခုတည်းမရှိပါဘူး။ ဆရာထင်တာမျှမျှတတ ဖို့လိုတယ်။ အရေးကြီးတာ ဒါတွေစဉ်းစားတာထက် တိုင်းပြည်တိုးတက်အောင်စဉ်းစားစေချင်တယ်။ စီးပွားရေးတက်အောင်ဘယ်လိုလုပ်ကြမလဲ၊ ဒီနေ့ပွဲကတော့ အဲဒါပဲထင်တယ်။ စီးပွားရေးတက်အောင်ဘာတွေလုပ်ကြမလဲ၊ ဒီနေ့တက်ရောက်လာတဲ့သူတွေအင်အားတွေ စုစည်းပြီးတော့ လုပ်ရင်ရမယ်လို့ မြင်ပါတယ်။ 

 

 

ဦးခင်မောင်အေး
CB ဘဏ်ဥက္ကဋ္ဌ

 

ဒီနေ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရနဲ့တွေ့ဆုံတာကတော့ အရမ်းကောင်းပါတယ်။ ဒါကြိုဆိုရမယ့်ပွဲပါ။ ကျွန်တော့်အနေနဲ့ ကတော့ ကျွန်တော်တို့ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးဖို့ရှိမှာပါ။ အဓိကခြုံပြီးတော့ ပြောရမယ်ဆို ရင်နိုင်ငံတိုးတက်ဖို့အများကြီးလုပ်ရဦးမှာပါ။  ဒါတော့ လုပ်ငန်းရှင်တွေရယ် အစိုးရရယ် ပြည်သူလူထုပူးပေါင်းဆောင်ရွက်တဲ့ အနေအထားရမှပဲ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်မှာပါ။ ဝိုင်းပြီးလုပ်မှဖြစ်မယ်ဆိုတဲ့ အနေအထားပါ။ 

 

 

ဦးညိုမြင့်
Senior Managing Director 
KBZ Group of Companies

 

ကျွန်တော်တို့ ကမ္ဘောဇအုပ်စုကတော့ အများသိပြီးဖြစ်ပါတယ်။ လုပ်ငန်းတွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် နေပါတယ်။ အခွန်အများဆုံးခြောက်နှစ်ဆက်တိုက်လဲဆောင်ခဲ့ပြီးပါပြီ ခုနစ်နှစ်အထိလည်း ကျွန်တော်တို့ရမယ်လို့ မျှော်လင့် ပါတယ်။ ဆက်လက်ပြီးတော့ စီးပွားရေးကို ဘောင်ထဲကနေ အကောင်းဆုံးလုပ်သွားပါမယ်။    ၂၀၀၇ ခုနှစ် Brighter Future Myanmar Foundation ဖွဲ့ပြီးနောက်ပိုင်း တရားဝင်လှူခဲ့တာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၁၄၄ ဘီလျံကျော် သွားပါပြီ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ တိုင်းပြည်မှာ သဘာဝဘေးကျရောက်တဲ့အခါ အားလုံးလှူခဲ့တာဖြစ်ပါတယ်။ 

 

 

ဒေါ်ဝင်းဝင်းတင်
CEO
City Mart Holding Co,Ltd.

 

ကျွန်မအနေနဲ့ကတော့ ဒီနေ့ပွဲမှာ အမေစုပြောသွားတဲ့စကားတွေအပေါ် အလွန်ပဲ ဝမ်းသာအားရဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ အရေးကြီးတယ်ဆိုတာကို အမေစုကလက်ခံပြီးတော့ စီးပွားရေးဖွံ့ဖြိုးမှုအတွက်ကိုလည်း လုပ်နေတဲ့အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်း ထုတ်ဖော်ပြောကြားပေးတဲ့အတွက် ကြောင့် စီးပွားရေးအသိုင်းအဝိုင်းအတွက်ဆိုရင် အလွန်အင်အားကြီးတဲ့ Message ဖြစ်ပါတယ်။ အမေစုအနေနဲ့ ဒီလို အင်အားကြီးတဲ့ Message ကိုပေးနိုင်တဲ့အတွက် စီးပွားရေးအဝန်းအဝိုင်းလဲ အခုထက်စာရင်ပိုကောင်းလာမယ်လို့ မျှော်လင့် ပါတယ်။ 

 

တွေ့ဆုံမေးမြန်း - ဇင်ဦး၊ ခင်ရတနာ
ဓာတ်ပုံ - သီဟစည်သူ