နေပြည်တော် ၁၄ ဇန်နဝါရီ
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ သည် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ရဲအရာရှိလေ့ကျင့်ရေး ကျောင်း(ဇီးပင်ကြီး)၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးများနှင့်တွေ့ဆုံ၍ ဦး/ရေး/ ထောက်ဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယရဲချုပ်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဦး/ရေး/ထောက် ဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက် နေမှုများ၊ ၂၀၁၈ ခုနှစ်အတွင်း နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အမှုကြီးနှင့် အခြားအမှုများဖြစ်ပွားမှု၊ ကြိုတင်ကာကွယ်အမှု ဖမ်းဆီးရမိမှုများနှင့် မှုခင်းလျော့နည်းကျဆင်းရေး ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံ တို့အား ရှင်းလင်းမှာကြားဆွေးနွေးသည်။
ထို့နောက် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးများမှ မိမိတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ၏ ဦး/ရေး/ထောက်ဆိုင်ရာတို့အား တင်ပြခဲ့ကြပြီး ရဲရာထူးခန့်ချုပ်နှင့် ရဲထောက်ချုပ် တို့မှ လိုအပ်သည်များအား ဆွေးနွေးမှာကြားကာ ဒုတိယရဲချုပ်က နိဂုံးချုပ် အမှာ စကားပြောကြားသည်။
အဆိုပါ ဦး/ရေး/ထောက်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ဌာနကြီးမှူးများ၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူးများ၊ သီးခြားရဲတပ်ဖွဲ့မှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲလေ့ကျင့်ကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)