နေပြည်တော် အောက်တိုဘာ ၁
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ “မင်္ဂလာသီရိ”ဟိုတယ်၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အနုပညာရှင်များ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက မိန့်ခွန်း ပြောကြားပြီး စံပြရဲအဆင့်တိုးဆုရရှိသူ အရာရှိတစ်ဦး၊ အခြားအဆင့်နှစ်ဦးနှင့် စွမ်းရည်သတ္တိအတွက် ရာထူးအဆင့်တိုးဆုရရှိသူ အရာရှိတစ်ဦး၊ စွမ်းဆောင်မှုအတွက် ရာထူးအဆင့်တိုးဆုရရှိသူ အရာရှိ လေးဦး တို့ကို ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး အနုပညာရှင် ကိုယ်စားလှယ်တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ယင်းနောက် ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် ဝင်းဗိုလ်က စွမ်းရည်သတ္တိအတွက် ရာထူးအဆင့်တိုး ဆုရရှိသူ အခြားအဆင့်တစ်ဦး၊ စွမ်းဆောင်မှုအတွက် ရာထူးအဆင့်တိုးဆုရရှိသူ အခြားအဆင့်ကိုးဦး၊ ဒုတိယ ရဲချုပ်(၂) ရဲဗိုလ်ချုပ် မျိုးမင်းထိုက်က ရုံးဝန်ထမ်း ထူးချွန်ဆုရရှိသူ တပ်ဖွဲ့ဝင် ခုနစ်ဦးနှင့် ဝတ်စားဆင်ယင်မှု အကောင်းဆုံးဆုရ တပ်ဖွဲ့ဝင် ခြောက်ဦး၊ ရဲချုပ်၏ဇနီးက အမျိုးသမီး စွမ်းဆောင်ရှင် ဆုရရှိသူ အမျိုးသမီးတစ်ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကို ပြသခဲ့ကြောင်း သိရသည်။
သတင်းစဉ်


