နေပြည်တော် ၁၁ ဧပြီ

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ဌာနချုပ်သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိပြီး ဧပြီ ၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် AA အဖွဲ့ ဝင်ရောက်တိုက်ခိုက်စဉ် ပစ်ခတ်သုံးစွဲကုန်ဆုံးသည့် လက်နက်/ခဲယမ်းနှင့် လိုအပ်ချက်များ ထပ်မံဖြည့်တင်း၍ ကျဆုံး/ဒဏ်ရာရ တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဌာနချုပ်ရှိ တပ်ဖွဲ့ဝင်မိသားစုများကို တွေ့ဆုံအားပေးကာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ရဲချုပ်သည် တပ်မတော်စစ်ဆေးရုံသို့ သွားရောက်ကာ ဒဏ်ရာရရှိသူများအား တွေ့ဆုံပြီး အားပေးထောက်ပံ့မှုများ ဆောင်ရွက်သည်။ ထို့နောက် လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများကို တွေ့ဆုံ၍ လုံခြုံရေးအခြေအနေ၊ ကာကင်းကုန်းများနှင့်ပတ်သက်၍ ခံစစ်အနေအထားများ၊ နယ်မြေသတင်းရယူရေး၊ တရားဥပဒေစိုးမိုးရေး ဆက်လက်ဆောင်ရွက်သွားရန် ကိစ္စရပ်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)