ညီညီမင်း (ထွေ/အုပ်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ခုနှစ်၏ ပုဒ်မ ၃၇(က)၌ နိုင်ငံတော် သည် နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊  ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆ အရ  ဇယား (၁) အပိုဒ်(၅) စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် မြေယာ စီမံခန့်ခွဲမှုကို ပြည်ထောင်စုက စီမံခန့်ခွဲရမည်ဟု ဖော်ပြ ပါရှိပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ  ပုဒ်မ ၁၈၈  အရ ဇယား (၂)တွင် အပိုဒ် ၁ (ဂ)၌ မြေယာခွန်ကို တိုင်းဒေသ ကြီး/  ပြည်နယ်က စီမံခန့်ခွဲရမည်ဟု ဖော်ပြပါရှိပါသည်။

မြေအမျိုးအစားအုပ်စု သုံးစုကို ခွဲခြားဖော်ပြ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြေအသုံးချမှုမူဝါဒ အခန်း(၂)၊ အပိုဒ် ၁၃ (က)(ခ)(ဂ) တွင် စိုက်ပျိုးမြေ၊ သစ်တောမြေ၊ အခြားမြေအဖြစ် မြေအမျိုးအစား အုပ်စု သုံးစုကို ခွဲခြားဖော်ပြထားပါသည်။ အမျိုးသားမြေအသုံးချမှုမူဝါဒအပိုဒ် ၁၄ တွင် နိုင်ငံတော် ၏ လိုအပ်ချက်နှင့်ကိုက်ညီပြီး သင့်လျော်သည့် မြေအမျိုး အစားနှင့်    မြေအတန်းအစားများ    သတ်မှတ်နိုင်ရန် သက်ဆိုင်ရာ  အစိုးရဌာန၊  အဖွဲ့အစည်းများက မိမိတို့၏ မြေနှင့်သက်ဆိုင်သော  တည်ဆဲဥပဒေများပါ  လက်ရှိမြေ အမျိုးအစားများနှင့်   မြေအတန်းအစားများကို  တရား ဥပဒေစိုးမိုးရေးအနှစ်သာရများ၊ အမျိုးသား မြေအသုံးချမှု မူဝါဒ၊ အမျိုးသားမြေဥပဒေနှင့်အညီ ပွင့်လင်းမြင်သာစွာ ပြန်လည်သုံးသပ်ပြီးပြင်ဆင်ရမည်ဟု ဖော်ပြပါရှိပါသည်။ 

မြန်မာနိုင်ငံ မြေစာရင်းလက်စွဲ  အပိုဒ်  ၄၆၅ တွင် ရာသီဥတုနှင့် ကောက်ပဲသီးနှံ  နှစ်ချုပ်အစီရင်ခံစာတွင် တိုင်းမင်းကြီးရုံးသို့ ဇွန်လ ၇ ရက်နေ့နှင့် ကြေးတိုင်နှင့် မြေစာရင်းမင်းကြီး၏ ရုံးသို့ ဇွန်လ ၂၀ ရက်နေ့တို့တွင် ရောက်ရှိအောင်ပေးပို့ရမည်ဟု   ပြဋ္ဌာန်းပါရှိပါသည်။ လက်စွဲ အပိုဒ် ၄၆၆  တွင် ရာသီဥတုနှင့်  ကောက်ပဲသီးနှံ အစီရင်ခံစာ၌ မိုးရွာသွန်းခြင်းစာရင်း၊ အမျိုးအစား အလိုက် ခွဲခြားထားသော  ဧရိယာနှင့် လယ်ယာလုပ်ကိုင် သည့်ဧရိယာစာရင်း၊ ဆိုင်ရာနှစ်အတွင်း ရေသွင်းစိုက်ပျိုးသည့်  ဧရိယာစာရင်း၊ ဆိုင်ရာနှစ်အတွင်း ကောက်ပဲသီးနှံ စိုက်ပျိုးသည့်စာရင်း၊        အရေးကြီးသည့်သီးနှံများ၏ တစ်ဧကအထွက်နှင့်   ယင်းသီးနှံတို့၏    အထွက်များကို မယုတ်မလွန်အထွက်များဖြင့်    နှိုင်းယှဉ်ဖော်ပြသော စာရင်း၊  အရေးကြီးသည့်သီးနှံများ၏   ရိတ်သိမ်းချိန် ပေါက်ဈေးဖော်ပြသောစာရင်းနှင့် လယ်ယာစိုက်ပျိုးမှုနှင့်  ပတ်သက်သော ကျွဲ၊ နွားတိရစ္ဆာန်နှင့် ကိရိယာတန်ဆာ များစာရင်းကို ဖော်ပြရမည်ဟု ပါရှိပါသည်။ 

ဧရိယာနှင့် လယ်ယာလုပ်ကိုင်သည့် ဧရိယာစာရင်း

ရာသီဥတုနှင့် ကောက်ပဲသီးနှံအစီရင်ခံစာပါ အမျိုးအစားအလိုက်ခွဲခြားထားသော  ဧရိယာနှင့်  လယ်ယာ လုပ်ကိုင်သည့် ဧရိယာစာရင်းတွင် မြေအုပ်စု၊ မြေမျိုးများနှင့် မြေတည်ရှိမှုဧရိယာများကို  ဖော်ပြထားပါသည်။ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်  စာရင်းအင်းဦးစီးဌာန၏ ရာသီဥတုနှင့် ကောက်ပဲသီးနှံအစီရင်ခံစာပါ   ရာကောက်-၂   အသုံးချလျက်ရှိသည့်    မြေများကို  မြေအမျိုးအစားအလိုက် ခွဲခြားဖော်ပြသောစာရင်းတွင် မြေအုပ်စု   သုံးစု၊  မြေမျိုး  ၂၂  မျိုးနှင့်   မြေတည်ရှိမှု ဧရိယာများကို ဖော်ပြထားပါသည်။ 

အုပ်စု(၁)၌ လယ်ယာမြေဆိုသော စကားရပ်တွင် အကျုံးဝင်သောမြေမျိုး ခြောက်မျိုး၊   အုပ်စု   (၂)   ရှိ သစ်တောသစ်ပင်ဖုံးလွှမ်းမြေမျိုး  သုံးမျိုးနှင့်  အုပ်စု(၃)ရှိအခြားမြေ ၁၃ မျိုး စုစုပေါင်း မြေအမျိုးအစား ၂၂  မျိုး ဟူ၍ ခွဲခြားထားပါသည်။

အုပ်စု(၁)ရှိ  လယ်ယာမြေဆိုသော စကားရပ်တွင် အကျုံးဝင်သောမြေမျိုး   ခြောက်မျိုးမှာ    လယ်မြေ၊ ယာမြေ၊  ကိုင်း/  ကျွန်းမြေ၊   ဥယျာဉ်မြေ၊   ဓနိမြေနှင့် တောင်ယာမြေတို့ဖြစ်ပါသည်။

အုပ်စု(၂)ရှိ  သစ်တောသစ်ပင်ဖုံးလွှမ်းမြေမျိုးများတွင်ပါဝင်သော   မြေသုံးမျိုးမှာ    ကြိုးဝိုင်း/    ကြိုးပြင် ကာကွယ်တောမြေ၊   တောရိုင်းမြေနှင့်  မြေရိုင်းမြေ တို့ဖြစ်ပါသည်။

အုပ်စု(၃)ရှိ အခြား(OA) မြေအမျိုးအစား ၁၃ မျိုးမှာ သတ္တုတွင်းမြေ၊ ကျွဲ၊ နွားစားကျက်မြေ၊ မီးရထားလမ်းမြေ၊  လမ်းမြေ၊  ဆည်မြောင်း၊  ကန်၊  တာတမံမြေ၊ မြစ်ချောင်းနှင့်   ရေအောက်မြေ၊   အင်းအိုင်မြေ၊   စက်ရုံမြေ၊ မြို့မြေအတွင်း  လူနေထိုင်သည့်မြေ၊   ရွာမြေ၊ လေယာဉ်ပျံ ကွင်းမြေ၊ သာသနာ၊ သုသာန်နှင့် အဆောက်အအုံ စသည့် မြေများနှင့် ကျန်အခြားမြေတို့ဖြစ်ပါသည်။

စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့်    စာရင်းအင်းဦးစီးဌာနသည် စိုက်ပျိုးမြေအမျိုးအစား  ခြောက်မျိုးနှင့် ကျန်မြေအမျိုးအစား ၁၆ မျိုး    စုစုပေါင်းမြေအမျိုးအစား   ၂၂  မျိုးကို   ခွဲခြား၍ နှစ်စဉ်စာရင်းပြုစုဆောင်ရွက်လျက်ရှိရာ   ရာသီဥတုနှင့် ကောက်ပဲသီးနှံ  နှစ်ချုပ်အစီရင်ခံစာ၊ စာရင်း-၂၊ စာမျက်နှာ-၂ပါ စာတိုင်(၃၆)ရှိ ယခင်အသုံးအနှုန်းစကားရပ်ဖြစ်သည့် “အမျိုးအစားခွဲခြားခြင်းမပြုနိုင်သောမြေ” များကို  “ ကျန် အခြားမြေများ” ဟူ၍   အစားထိုးသုံးစွဲရန်   ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ ၂၀၀၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်စွဲပါစာဖြင့် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ၎င်း၏အဓိပ္ပာယ်သတ်မှတ်ချက် များကိုလည်း ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

ထီးရိပ်မြေယာဥပဒေ

မြန်မာနိုင်ငံရှိ မြေအမျိုးအစား  ၂၂ မျိုးကို ဝန်ကြီးဌာန အသီးသီးက ဥပဒေ၊ နည်းဥပဒေ အမိန့်ညွှန်ကြားချက်အတိုင်း ၆၇ ခုခန့်ဖြင့် စီမံခန့်ခွဲလျက်ရှိပါသည်။  အထက်ပါ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်     မဆန့်ကျင်ဘဲ ယင်းဥပဒေများကို  ထိရောက်စွာကိုင်တွယ်ကျင့်သုံးနိုင်ရေး အထောက်အကူပြုသည့်    ထီးရိပ်မြေယာဥပဒေကြီးတစ်ခု ပေါ်ပေါက်လာအောင်လည်း        တာဝန်ရှိသူအသီးသီးက ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ပါသည်။

မြေယာနှင့် အခွန်တော်အက်ဥပဒေ (The Land and Revenue Act) ပုဒ်မ ၈(၁) တွင်  မြေ၌  အမြဲတမ်းအမွေဆက်ခံ ခွင့်၊     လွှဲပြောင်းခွင့်၊   အသုံးပြုခွင့်နှင့်    နေထိုင်ခွင့်ရှိသူ မြေပိုင်ရှင်သည်  တည်ဆဲဥပဒေတစ်ရပ်ရပ်အရ  စည်းကြပ်သည့်    အခွန်အခနှုန်းထားများကို   ပေးဆောင်ရမည် ဖြစ်ကြောင်း  ပြဋ္ဌာန်းထားပါသည်။ အဆိုပါပြဋ္ဌာန်းချက်များ အရ    မြေယာခွန်ပေါ်တွင်   နောက်ထပ်   ၁၀   ရာခိုင်နှုန်း ထပ်မံစည်းကြပ်ကောက်ခံခြင်းသည်    ခိုင်ကြေးကောက်ခံ ခြင်းဖြစ်၍   အခကြေးငွေအဖြစ်   သတ်မှတ်ရမည်ဖြစ်ပြီး မြေယာခွန်တွင် အကျုံးဝင်ခြင်းမရှိကြောင်း လေ့လာတွေ့ရှိ ရပါသည်။ သို့ဖြစ်ပါ၍ ခိုင်ကြေးကောက်ခံခြင်းသည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား ၂၊ အပိုဒ်(၁) ဘဏ္ဍာရေး နှင့် စီမံကိန်းကဏ္ဍ အမှတ်စဉ် (၈) ပါ မြေယာခွန်နှင့် အကျုံးဝင်ခြင်းမရှိကြောင်းနှင့်            ခိုင်ကြေးကောက်ခံခြင်းကို ပြည်ထောင်စုက စီမံခန့်ခွဲရမည်ဖြစ်ကြောင်း လေ့လာတွေ့ရှိ ရပါသည်။

သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် လက်ရှိဆောင်ရွက် လျက်ရှိသည့်အတိုင်း ခရိုင်ခိုင်ကြေးအက်ဥပဒေ ပုဒ်မ ၄အရ    ခိုင်ကြေးကိုကောက်ခံပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့   ပေးသွင်းရမည်  ဖြစ်ပါသည်။      ခရိုင် ခိုင်ကြေးအက်ဥပဒေအရ ခိုင်ကြေးကို ပေးဆောင်ရန်တာဝန်ရှိကြောင်း သိသာနိုင်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အသီးသီး၏ အစိုးရ အဖွဲ့များကရေးဆွဲသည့်  မြေယာခွန်ဥပဒေများတွင် “အထွေထွေ”အခန်း၌ မြေယာခွန်များ   ကောက်ခံရာတွင် တည်ဆဲဖြစ်သော    ၁၈၈၀      ပြည့်နှစ်၊         ခရိုင်ခိုင်ကြေး အက်ဥပဒေပုဒ်မ ၄ နှင့်အညီ ခိုင်ကြေးကို ထည့်သွင်းကောက်ခံ ရမည်ဟု  ချိတ်ဆက်ဖော်ပြသင့်ပါသည်။   ခရိုင်ခိုင်ကြေး အက်ဥပဒေပုဒ်မ ၂၄ တွင် နိုင်ငံတော်သမ္မတက ဤအက် ဥပဒေပါကိစ္စရပ်များတွင် အရာရှိများအား လမ်းညွှန်မှုပြုနိုင်ရန် နည်းဥပဒေထုတ်ပြန်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါသည်။ သက်ဆိုင်သည့် ဝန်ကြီးဌာနဖြစ်သော ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနက ခိုင်ကြေးကောက်ခံရာ၌ တစ်ပြေးညီ ဖြစ်စေရန် ခိုင်ကြေးတွက်ချက်ပုံနည်းလမ်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့သို့ပေးသွင်းရန် နည်းလမ်း စသည်တို့ပါဝင် သည့်နည်းဥပဒေကို ထုတ်ပြန်သင့်ပါသည်။ 

အထက်ပါမြေ ၂၂ မျိုးအနက် ကျွဲ၊ နွားစားကျက်မြေ၊ ရေကန်မြေ၊ စက်ရုံမြေ၊  မြို့မြေအတွင်း လူနေထိုင်သည့်မြေ၊ ရွာမြေ၊ သာသနာ၊ သုသာန်နှင့် အဆောက်အအုံ စသည့်မြေ များ နှင့်   ကျန်အခြားမြေများကို    ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက   ၁၈၇၆  ခုနှစ် မြေနှင့် အခွန်အက်ဥပဒေ၊ ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံ  မြို့နှင့်  ကျေးရွာမြေများအက်ဥပဒေနှင့် ၁၈၈၉ ခုနှစ် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်စည်းမျဉ်းဥပဒေများဖြင့် စီမံခန့်ခွဲလျက်ရှိပါသည်။

မြေမျိုး တစ်ခုမှတစ်ခုသို့   ပြောင်းလဲနိုင်

ဝန်ကြီးဌာနအသီးသီးက စီမံခန့်ခွဲသော မြေမျိုးများကို သက်ဆိုင်ရာ  နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့်  ကနဦးမြေကို  စီမံခန့်ခွဲသည့် ဝန်ကြီးဌာန၏  ခွင့်ပြုချက်၊  ပြောင်းလဲလိုသည့်  မြေအမျိုးအစားကို    စီမံခန့်ခွဲသည့်   ဝန်ကြီးဌာန၏    ခွင့်ပြုချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏   ခွင့်ပြုချက်တို့ဖြင့်   မြေမျိုး တစ်ခုမှတစ်ခုသို့   ပြောင်းလဲနိုင်ပါသည်။   ဥပမာအားဖြင့် တင်ပြရလျှင်     ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက  စီမံခန့်ခွဲသည့် ကျန်အခြားမြေကို   မြို့မြေအတွင်း  လူနေထိုင်သည့်မြေ၊ ရွာမြေ၊  သာသနာ၊   သုသာန်၊   အဆောက်အုံ စသည့်မြေမျိုး များအဖြစ်   အသုံးပြုလိုခြင်း၊   ဖွံ့ဖြိုးမှုလုပ်ငန်း၊   စီးပွားရေး စီမံကိန်းတစ်ရပ်ရပ် လုပ်ကိုင်ဆောင်ရွက်လိုပါက အစိုးရစီမံ ခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ်   အမိန့်ထုတ်ပြန်သတ်မှတ် နိုင်ရေးအတွက်   အထက်ပါခွင့်ပြုချက်များဖြင့်     အမှုတွဲ ဖွင့်လှစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့  တင်ပြဆောင်ရွက်ရမည်  ဖြစ်ပါ သည်။    အစိုးရစီမံခန့်ခွဲသောမြေအဖြစ်  ရောက်ရှိပြီးပါက နိုင်ငံတော်အတွက်    အခွန်တော်ရရှိနိုင်ရေးအသုံးပြုသည့် နည်းလမ်းအရ ၁၈၇၆ ခုနှစ် မြေနှင့် အခွန်အက်ဥပဒေ၊ ၁၈၉၈ ခုနှစ်    အောက်မြန်မာနိုင်ငံ မြို့နှင့်    ကျေးရွာမြေများ အက်ဥပဒေနှင့်  ၁၈၈၉  ခုနှစ် အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်းဥပဒေများနှင့်အညီ          အခွန်လွတ်ဂရန်၊ မြေငှားဂရန်များ ခွင့်ပြုဆောင်ရွက်ပေးနိုင်ပါသည်။

အချို့ဒေသများတွင် ရေအောက်မြေကို လူနေထိုင် ရန် နှစ်တိုမြေငှားဂရန်၊ စက်မှုစီးပွားမြေငှားဂရန်များကို မှားယွင်းစွာ   ထုတ်ပေးလျက်ရှိကြောင်း လေ့လာတွေ့ရှိ ရပါသည်။  မြေဖို့ခြင်းကြောင့်လည်းကောင်း၊   ကာလ ကြာမြင့်သောကြောင့်လည်းကောင်း ပြောင်းလဲလာသော   မြေမျက်နှာပြင်အနေအထားအရ  ရေအောက်မြေများ သည် ကုန်းမြေများအဖြစ် ပြောင်းလဲလာသည်။ ယင်းမြေများတွင် အဆောက်အအုံများ ဆောက်လုပ်လိုပါက  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့တို့၏  သဘောထား၊ ၎င်းမြေကို စီမံခန့်ခွဲသည့်  ပို့ဆောင်ရေးနှင့်       ဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ သဘောထားများရယူကာ အစိုးရစီမံခန့်ခွဲသောမြေအဖြစ် ပြောင်းလဲနိုင်ရန် အမှုတွဲတည်ဆောက်ပြီး သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှတစ်ဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင် စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့သို့    တင်ပြရပါသည်။  ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြကာ  ခွင့်ပြုချက်ရယူဆောင်ရွက်ရပါသည်။ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက  ရေအောက်မြေမှ    အစိုးရစီမံခန့်ခွဲသောမြေ အဖြစ်သို့  ပြောင်းလဲကြောင်း  အမိန့်ထုတ်ပြန်ကြေညာကာ မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည် ဖြစ်ပါသည်။သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများက   သက်ဆိုင်ရာမှတ်ပုံတင် စာရင်း ၁ (ခ)  တွင် ရေးသွင်းရမည် ဖြစ်ပါသည်။  ထိုသို့ ရေးသွင်းပြီးမှသာ  အစိုးရစီမံခန့်ခွဲသောမြေအဖြစ်သို့ ရောက်ရှိသည့်အတွက်  သက်ဆိုင်ရာမြေငှားဂရန်ရရှိရေး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက်ထားရမည် ဖြစ်ပါသည်။
 
လုပ်ပိုင်ခွင့်များ ချထားပေး

မြေလွတ်၊    မြေရိုင်းကို   မြေမျိုးပြောင်းလဲသည့် ကိစ္စနှင့်ပတ်သက်ပြီး   တင်ပြလိုပါသည်။    မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၄(က) အရ ရာသီသီးနှံ စက်မှုကုန်ကြမ်းသီးနှံစိုက်ပျိုးရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအသုံးပြုခွင့်ကို ပုံစံ(၁၁) ဖြင့်လည်းကောင်း၊ နှစ်ရှည်ပင်ဥယျာဉ်ခြံ သီးနှံစိုက်ပျိုး ခြင်းအတွက် ပုံစံ  (၁၂) ဖြင့်လည်းကောင်း လုပ်ပိုင်ခွင့်များ    ချထားပေးပါသည်။ ယင်းပုံစံ(၁၁)နှင့် ပုံစံ(၁၂)ပါ ခွင့်ပြုချက်များကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေအရ ပုံစံ (၇) သို့ ပြောင်းလဲလျှောက်ထားနိုင်ပါသည်။ ပုံစံ(၇)ရရှိ ပါက လယ်ယာမြေဥပဒေနှင့်အညီ အခြားနည်း အသုံးပြု ခွင့်လျှောက်ထားပြီး လူနေထိုင်ရန် မြေငှားဂရန်များ၊  စက်မှု စီးပွားမြေငှားဂရန်များ၊ အခွန်လွတ် သာသနာ့မြေဂရန်နှင့်  ဘဒ္ဒသိမ်ဂရန်များ   စသည်ဖြင့် လျှောက်ထားနိုင်ပါသည်။    သို့သော်လည်း မြေလွတ်၊  မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး ဥပဒေပုဒ်မ ၄(က) အရ ဥပဒေနှင့်  ညီညွတ်သည့် အခြားလုပ်ငန်းများ အတွက် ပုံစံ(၁၅)ဖြင့် လုပ်ပိုင်ခွင့် ချထားပေးသော်လည်း ၎င်းပုံစံ (၁၅) မှတစ်ဆင့်  လူနေထိုင်ရန် မြေငှားဂရန်၊ စက်မှုစီးပွားမြေငှားဂရန်များ၊ အခွန်လွတ်သာသနာ့မြေဂရန်နှင့်  ဘဒ္ဒသိမ်ဂရန်များ စသည်ဖြင့် လျှောက်ထားရန် ခွင့်ပြုချက်ပေးထားခြင်း မရှိပါ။ 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတစ်ခုတည်းတွင်  ပုံစံ (၁၁)၊  (၁၂)ကို   မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ လယ်ယာမြေ ဥပဒေများနှင့်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျင့်သုံးလျက်ရှိသည့် မြေယာဥပဒေများနှင့်ဆက်စပ်ပြီး လူနေထိုင်ရန်မြေငှားဂရန်၊   စက်မှုစီးပွားမြေငှားဂရန်များ၊  အခွန်လွတ်သာသနာ့မြေဂရန်နှင့်  ဘဒ္ဒသိမ်ဂရန်များ  စသည်ဖြင့် လျှောက်ထားရန် ခွင့်ပြုချက်ပေးထားခြင်းရှိသော်လည်း ပုံစံ(၁၅)လုပ်ပိုင်ခွင့်ကို လူနေထိုင်ရန်မြေငှား  ဂရန်၊ စက်မှုစီးပွား မြေငှားဂရန်များ၊ အခွန်လွတ်သာသနာ့ မြေဂရန်နှင့် ဘဒ္ဒသိမ်ဂရန်များ  စသည်ဖြင့်လျှောက်ထား ရန် ခွင့်ပြု ချက်ပေးထားခြင်းမရှိကြောင်း လေ့လာတွေ့ရှိ ရပါသည်။ 

အထက်တွင်ဖော်ပြထားသည့်အတိုင်း  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်ပုံစံ (၁၅) ကို မြေငှား ဂရန်များ၊    အပိုင်ဂရန်များ    ဆက်လက်ချထားခွင့် မပြုသောကြောင့်  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မြို့မြေတိုးချဲ့ခြင်း၊  ရွာမြေတိုးချဲ့ခြင်းများ ပြုလုပ်ရာတွင် ပုံစံ (၁၅)  ရရှိပြီးဖြစ်သော်လည်း လူနေထိုင်ရန် မြေငှား ဂရန်များ  ချထားပေးခွင့်မရှိခြင်းကြောင့်    ပြည်သူများအနေဖြင့် အခက်အခဲများကြုံတွေ့ရလျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။     ၎င်းအပြင်     မြေလွတ်၊ မြေလပ်နှင့်   မြေရိုင်းများကို    သာသနာ့မြေအဖြစ် အသုံးပြုရန်လျှောက်ထားပြီး  ပုံစံ (၁၅)  ရရှိထားသော် လည်း  သာသနာ့အခွန်လွတ်ဂရန်နှင့်   ဘဒ္ဒသိမ်ဂရန် လျှောက်ထားခြင်းများကို ဆောင်ရွက်ခြင်းမပြုနိုင်သောကြောင့် သာသနာရေးတွင်  ဝိနည်းနှင့်မညီညွတ်မှုများ ကြုံတွေ့နေရကြောင်း     လေ့လာတွေ့ရှိရပါသည်။ သို့သော်လည်း အပိုင်ဂရန်၊ အငှားဂရန် ချထားပေးသည့် နည်းလမ်းများရှိပါသည်။ ၎င်းနည်းလမ်းမှာ  ပုံစံ (၁၅)ရရှိထားသည့် မြေလွတ်၊  မြေလပ်နှင့်  မြေရိုင်းများကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောထား၊ သက်ဆိုင်ရာ စိုက်ပျိုးရေး၊     မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီး ဌာနတို့၏ ခွင့်ပြုချက်များဖြင့် အစိုးရစီမံခန့်ခွဲသောမြေ အဖြစ်သို့       ပြောင်းလဲရန်    အမှုတွဲတည်ဆောက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   (ရုံးချုပ်)မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့  တင်ပြခွင့်ပြု ချက်ရယူပြီး   မြေမျိုးပြောင်းလဲနိုင်ပါသည်။    မြေမျိုး ပြောင်းလဲပြီးပါက  သက်ဆိုင်ရာလူနေထိုင်ရန်  မြေငှား ဂရန်များ၊   စက်မှုစီးပွားမြေငှားဂရန်များ၊   သာသနာ့ အခွန်လွတ်ဂရန်၊  ဘဒ္ဒသိမ်ဂရန်များ လျှောက်ထားရယူနိုင်ပါသည်။

မြေယာကျူးကျော်မှုများ

မြေယာကျူးကျော်မှုများနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ရာတွင်  လွဲမှားမှုများရှိပါသည်။  ဌာနဆိုင်ရာ တစ်ခုခုကဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ ပုဂ္ဂလိက တစ်ဦးဦးကဖြစ်စေ      ပိုင်ရှင်ရှိသည့်မြေမျိုးတစ်ခုခုသို့ ကျူးကျော်ခြင်းခံရပါက   ၎င်းပိုင်ရှင်ဖြစ်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကတို့က သက်ဆိုင်ရာ တရားရုံး များတွင် တရားမမှုများဖြင့် တရားစွဲဆိုရမည်ဖြစ်ပါသည်။   သစ်တောမြေ၊          အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေနှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စသည့်မြေများပေါ်တွင် ကျူးကျော်ပါက ၎င်းမြေကို စီမံခန့်ခွဲသည့်ဌာနများက  ၎င်းတို့ကျင့်သုံးလျက်ရှိသည့်ဥပဒေများနှင့်အညီ    တရားစွဲဆို ရမည် ဖြစ်ပါသည်။ အဆောက်အအုံရှိသော အစိုးရပိုင်မြေ ပေါ်တွင် ကျူးကျော်ပါက သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောထား၊ မိခင်ဝန်ကြီးဌာနတို့၏  သဘောထားနှင့်အတူ   အခွင့်ရ အာဏာပိုင်အဖြစ်   အပ်နှင်းနိုင်ရေး       ဆောက်လုပ်ရေးဝန်ကြီး ဌာနသို့   တင်ပြခွင့်ပြုချက်ရယူပြီး   စီမံချက်ရေးဆွဲကာ ၁၉၅၅ခုနှစ်  အစိုးရအိမ်ဥပစာနှင်ထုတ်ခြင်း   အက်ဥပဒေ ပုဒ်မ ၂  (က)အရ   ဖယ်ရှားနိုင်ပါသည်။ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရဘဲ စည်းကမ်းမဲ့ အခြားနည်းအသုံးပြုခြင်းကို              သက်ဆိုင်ရာမြို့နယ်  လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက သက်ဆိုင်ရာ  လယ်ယာမြေဥပဒေများနှင့်အညီ   တရားစွဲဆို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ဌာနဆိုင်ရာများအတွက် မြေလွှဲကိစ္စများ

ဌာနဆိုင်ရာများအတွက်  မြေလွှဲကိစ္စများ ဆောင်ရွက် ရာတွင် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့်  ပြည်နယ်အစိုးရအဖွဲ့များ၏  ခွင့်ပြုချက်၊ မိခင်ဝန်ကြီးဌာန၏ အုပ်ချုပ်မှုဆိုင်ရာ သဘောတူညီချက်နှင့် နိုင်ငံတော် သမ္မတ၏ခွင့်ပြုချက်တို့ဖြင့်  သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင်   မြေလွှဲလျှောက်ထားရမည် ဖြစ်ပါသည်။  သက်ဆိုင်ရာ  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက   မြေလွှဲအမှုတွဲဖွင့်လှစ်ပြီး   အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့တင်ပြကာ ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်ထားသည့်ဌာနများသို့ မြေလွှဲအမိန့်များကို ထုတ်ပေးရမည်ဖြစ်ပါသည်။ 

မြေသိမ်းရာတွင် မြေယာလျော်ကြေးများရယူခြင်း မရှိသည့်အတွက် မြေသိမ်းကိစ္စများ ကြန့်ကြာမှုရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ မြေသိမ်းအက်ဥပဒေပုဒ်မ ၁၁ အရ လျော်ကြေးသတ်မှတ်ပြီးမှမြေတွင်  အကျိုးခံစားခွင့် ရှိသူများက    လက်ခံရန်ငြင်းဆန်လျှင် ပုဒ်မ   ၃၁   အရ လျော်ကြေးငွေများကို တရားရုံးသို့    ပေးသွင်းရမည် ဖြစ်ပါသည်။မြေတွင် အကျိုးခံစားခွင့်ရှိသူတစ်ဦးက လျော်ကြေးငွေကိုလက်မခံဘဲ  ၎င်းကိစ္စကို  တရားမရုံး၏ အဆုံးအဖြတ်ရယူနိုင်ရန်အတွက် တရားမရုံးသို့လွှဲပေးရေးကို ခရိုင်အုပ်ချုပ်ရေးမှူးထံ       တင်ပြလျှောက်ထားခွင့်ရှိပါသည်။

တစ်ဆင့်ခံဥပဒေတစ်ရပ်ကဲ့သို့ ကျင့်သုံးနိုင်မည်ဖြစ်

ဌာနအသီးသီးသည် မြေယာကိစ္စနှင့်ပတ်သက်သည့် ကိစ္စများဆောင်ရွက်ရာတွင်  ပြည်သူများ  ရှင်းလင်းလွယ်ကူ စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးက ၎င်းတို့ဆောင်ရွက်ပေးနေသည့်            လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် SOP များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန် ပေးရမည်ဖြစ်ပါသည်။  သို့မှသာပြည်သူများအနေဖြင့် ၎င်းတို့ဆောင်ရွက်လိုသည့် လုပ်ငန်းများကို    လုပ်ထုံး လုပ်နည်းများနှင့်အညီ    ထိရောက်စွာဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထိုသို့  SOP များထုတ်ပြန်ပေးမှသာ ပွင့်လင်း မြင်သာမှု၊    တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး တန်းတူညီမျှ အားလုံးပါဝင်မှုရရှိစေကာ ပြည်သူလူထုက ယုံကြည်ကိုးစားမှုရှိလာမည်ဖြစ်ပါသည်။    ဌာနအသီးသီးက မြေယာနှင့်ပတ်သက်သည့်  ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်   (SOP) များကို သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက  အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး   မြန်မာ နိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာပေးပါက တစ်ဆင့်ခံ ဥပဒေတစ်ရပ်ကဲ့သို့ ကျင့်သုံးနိုင်မည် ဖြစ်ပါသည်။ 

ယခုတင်ပြခဲ့သော မြေအုပ်စု သုံးစုရှိ မြေမျိုး ၂၂ မျိုးကို စီမံခန့်ခွဲမှုများသည် ပြီးပြည့်စုံမှုမရှိသော်လည်း အရေးကြီးသည့်မြေပြင်တွင်      အများစုကြုံတွေ့နေရသည့် အခက်အခဲများကို   ဖြေရှင်းနိုင်ရန်    ပြုစုရေးသားရခြင်း ဖြစ်ပါသည်။ မြေယာပြဿနာများ၊ မြေယာစီမံခန့်ခွဲမှုများ ပြုလုပ်ရာတွင်     အရေးအကြီးဆုံးအချက်မှာ    လုပ်ထုံး လုပ်နည်းနှင့်အညီဖြစ်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီးစိတ်ရင်းစေတနာကောင်းထားကာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တင်ပြလိုပါသည်။ ဥပဒေ တစ်ရပ်ကို   ကျော်လွှား၍မရဘဲ    ကျော်လွှားလိုလျှင် ၎င်းဥပဒေကို  ပြင်ဆင်ရန်ဆောင်ရွက်ခြင်းသည် အမှန် ကန်ဆုံးနည်းလမ်းတစ်ခုသာ ဖြစ်ပါသည်။ မြေယာစီမံ ခန့်ခွဲမှုလုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရန် ဌာနအလိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု (Collaboration) လုပ်ရမည်ဟု ယုံကြည်ပါသည်။ Collaboration ဟု ဆိုသည့်အတိုင်း ပူးပေါင်းဆောင်ရွက်ခြင်း (Coope- ration)၊  ညှိနှိုင်းဆောင်ရွက်ခြင်း    (Coordination)၊      ပေါင်းစည်းဆောင်ရွက်ခြင်း (Integrating)၊ စေ့စပ်ညှိနှိုင်း ဆောင်ရွက်ခြင်း   (Negotiating) နှင့်   ကွန်ရက်သဖွယ် ချိတ်ဆက်ဆောင်ရွက်ခြင်း (Networking) တို့ကို ဆောင်ရွက်မှသာမြေယာစီမံခန့်ခွဲမှုလုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။