နေပြည်တော် ၂၉ မတ်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါးများကို ၁၉၉၁ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ပြီး တစ်မတ်သား(ပုံစံသစ်) စံချိန်မီရွှေဒင်္ဂါးကို ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပါသည်။


စံချိန်မီ ရွှေဒင်္ဂါးများတွင် တစ်ကျပ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟို၌ ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် လယ်ထွန်သောပုံ၊ တစ်မတ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသောဆင်ပုံများ သွန်းလောင်းပြီး တစ်မတ်သား(ပုံစံသစ်) စံချိန်မီရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ဗိုလ်ချုပ်ပုံ သွန်းလောင်းထားပါသည်။


ယခုအခါ ပြည်သူများ ဝယ်ယူမှုများပြားသော တစ်ကျပ်သား ရွှေဒင်္ဂါးကို ပုံစံအသစ် သွန်းလောင်းထုတ်ဝေမည် ဖြစ်ပါသည်။ အသစ်သွန်းလောင်းသည့် တစ်ကျပ်သား ရွှေဒင်္ဂါး၏ အချင်းမှာ ၂၆.ဝ မီလီမီတာ၊ အထူမှာ ၂.ဝ မီလီမီတာ ရှိပါသည်။ ဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံ၏အောက်တွင်Aung San အမည်ပါရှိပါသည်။ ဒင်္ဂါး၏ အနားပတ်လည်တွင် "Central Bank of Myanmar"၊ "16.329 gm 999.9 Fine Gold" ဟုအင်္ဂလိပ်စာလုံးဖြင့် ဖော်ပြထားပြီး၊ အခြားတစ်ဖက်မျက်နှာပြင်တွင် "မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၂၀၁၈၊ ၁ ကျပ်သား၊ ၉၉၉.၉ သန့်စင်ရွှေ" ဟု မြန်မာစာလုံးဖြင့် ဖော်ပြထားပါသည်။


တစ်ကျပ်သား ရွှေဒင်္ဂါးဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်းတည်းပါရှိမည် ဖြစ်ပါသည်။


တစ်ကျပ်သား ရွှေဒင်္ဂါးပြားကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)တွင် နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နှင့် ကတုန်ကျစရိတ်ကျပ် ၃၈,၉၅၀/- ထပ်ပေါင်းသည့် ဈေးနှုန်းဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ စတင်၍ ဝယ်ယူရှိနိုင်ကြောင်း သတင်းရရှိပါသည်။


(သတင်းစဉ်)