နေပြည်တော် ဩဂုတ် ၁၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ရှမ်းပြည်နယ် တာချီလိတ်မြို့၊ ကရင်ပြည်နယ် မြဝတီမြို့နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တို့ရှိ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ Hybrid ဖြင့် ကျင်းပသည်။
ဆွေးနွေးပြောကြား
အစည်းအဝေးတွင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရကုမ္ပဏီများ အနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းနှင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေး၊ စည်းကမ်းလိုက်နာမှုမရှိသည့် ကုမ္ပဏီများ အနေဖြင့် အရေးယူခံရနိုင်သည့် အခြေအနေများ၊ ထုတ်ပြန်ထားသော နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချလဲလှယ်ခွင့်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် (၅/၂၀၂၄)အတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်မှု၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားချက် များကို လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များ၊ နိုင်ငံခြားငွေကြေး ဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည့်ကိစ္စရပ်များ၊ ဒေသတွင်း အခြေအနေနှင့် အခက်အခဲများအပေါ် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မသမာသူများ၏အသုံးချမှုမခံရ စေရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြကြပြီး သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


