မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အအုံ တည်ဆောက်မှု ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး

နေပြည်‌တော် မတ် ၄

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၃ ရက် နံနက်ပိုင်းက  အဆောက်အဦဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) အဆောက်အဦအထူးအဖွဲ့(၆)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ ခရိုင်(ခ)အဆင့် စုပေါင်းရုံး သုံးထပ်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် အဆောက်အဦအထူးအဖွဲ့(၆) တာဝန်ခံအင်ဂျင်နီယာက Site Plan၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစာရင်း၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သီဟက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီအောင်  တည်ဆောက်ရေး၊ သတ်မှတ်ဒီဇိုင်းအတိုင်း စနစ်တကျဆောင်ရွက်ရေး၊ သတ်မှတ်ချိန်အတွင်းပြီးစီးရေး တာဝန်ရှိသူများက အလေးထားကြပ် မတ်ဆောင်ရွက်ရေး မှာကြားပြီး စုပေါင်းရုံး သုံးထပ်အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) အဆောက်အဦအထူးအဖွဲ့(၆)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အအုံ သံကူကွန်ကရစ် ငါးထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းခွင်ဆိုင်ရာ သတ်မှတ်ချက်များကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄၂ မိုင် ၁ ဖာလုံနှင့် ၂၄၃ မိုင်ရှိ ဆင်သေချောင်းတံတား အဝင်၊ အထွက် ကွန်ကရစ်လမ်း နှစ်လမ်းသွားမှ လေလမ်းသွားအဖြစ် တိုးချဲ့ဖောက်လုပ်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အမြန်လမ်းမကြီး အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး မှာကြားခဲ့ကြောင်း သိရှိရသည်။

 

သတင်းစဉ်