နေပြည်တော် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူး ခြင်းစီမံကိန်းမှရရှိသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကျေးရွာ ၂၆ ရွာကို ရွေးချယ်ပြီး ရန်ပုံငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာ ခေါင်းဆောင်များ တက်ရောက်ကြသည်။
ပြောကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း စံပြကျေးရွာဆောင်ရွက်ကြသည့် ကျေးရွာခေါင်းဆောင်များက မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်စေရန် စီမံကိန်းတွင် ရွာသူရွာသားများ တက်တက်ကြွကြွ ပါဝင်အောင် စည်းရုံးနိုင်သော ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစား အားထုတ်ကြရန်လိုကြောင်း “ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံ ဖြစ်သည်” ဆိုသော ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း၏ လက်စွဲဆောင်ပုဒ်နှင့်အညီ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ ကျေးရွာများအားလုံး ဖွံ့ဖြိုးတိုးတက်အောင် အတူလက်တွဲ၍ ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စီမံကိန်း ဒေသများဖြစ်သည့် ပဲခူး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာ ၂၆ ရွာ အတွက် ရန်ပုံငွေများ ပေးအပ်ပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က သင်တန်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ကျေးရွာ ခေါင်းဆောင်တစ်ဦးစီက လက်ခံရယူကြသည်။
ယနေ့အခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုရှိ ကျေးရွာ ၂၆ ရွာမှ ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာစီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် ပေအပ်ခြင်းဖြစ်ပြီး စီမံကိန်း ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ လျာထားအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်များ မရှိစေရန် ငွေစာရင်း လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသင်တန်းကိုလည်း တစ်ပါတည်း ပို့ချပေးပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


