နေပြည်တော် ၂၂  ဧပြီ

“ခွေးကိုက်ခံရသည့်လူနာ ကုသရေးဌာန (Dog Bite Center) များ” ဖွင့်လှစ်နိုင်ရေး ရှင်းလင်း တင်ပြမှုအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပသည်။

အစည်းအဝေး၌ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းတင်က မြန်မာနိုင်ငံတွင် ခွေးကိုက်ခံရသူ အရေအတွက်မှာ တစ်စထက်တစ်စ များပြားလျက်ရှိရာ ရရှိထားသော စာရင်းဇယားများအရ ၂၀၁၈ ခုနှစ်တွင် ၁၉၀၀၀၀ ကျော် ရှိပါကြောင်း၊ ဝန်ကြီးဌာနမှ နှစ်အလိုက် ခွေးရူးပြန်ရောဂါကာကွယ်ဆေး (anti rabies vaccine) နှင့် ခွေးရူးပြန်ရောဂါ ကုသမှု ပဋိပစ္စည်း (rabies immunoglobulin) များကို ဝယ်ယူလျက်ရှိရာ (၂၀၁၈-၂၀၁၉) ခုနှစ် ဘဏ္ဍာနှစ်တွင် ငွေကျပ်(၅ ဒသမ ၄) ဘီလီယံခန့် သုံးစွဲဝယ်ယူခဲ့ပါကြောင်း။

ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ကြွက်သားထဲသို့ထိုးနှံခြင်း (intramuscular) အစား ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသည့် အကျိုးထိရောက်မှု တန်းတူဖြစ်ပြီး ဆေးဝါး ကုန်ကျမှု ထက်ဝက်သက်သာသော အရေပြားထဲသို့ထိုးနှံခြင်း (intradermal)ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ခွေးရူးပြန်ရောဂါဆိုင်ရာ ဘက်စုံခြုံငုံသုံးသပ်မှုများ ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခွေးရူးပြန်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့ထံမှ အကြံဉာဏ်များကိုလည်း ရယူသွားမည် ဖြစ်ပါကြောင်း။

Dog Bite Center များဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် နေရာ၊ ဝန်ထမ်းအင်အား၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိန်းသိမ်းထားရန် ရေခဲသေတ္တာတို့ကို အသင့်ပြင်ဆင်ပြီး ဝန်ထမ်းများအား မွမ်းမံသင်ကြားမှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားသော ခွေးရူးပြန်ရောဂါ ကာကွယ်နှိမ်နင်း ရေးလမ်းညွှန်စာအုပ်များနှင့် ပညာပေးစာစောင်များ၊ ခွေးရူးပြန်ရောဂါကာကွယ် တားဆီးနှိမ်နင်း ရေးအတွက် ကျွမ်းကျင်မှုဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများက ဘက်စုံဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။

ထို့နောက် ရှင်းလင်းတင်ပြချက်များ၊ ဆွေးနွေးအကြံပြုချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ခွေးကိုက်ခံရသည့် လူနာများအား ပြုစုကုသရေးဌာန (Dog Bite Center) များ ဖွင့်လှစ်ခြင်းဖြင့် လူနာများအား ပိုမိုစနစ်ကျထိရောက်စွာ ကုသမှုပေးနိုင်မည်ဖြစ်ပြီး ဆေးအလေအလွင့်ဖြစ်မှုကိုလည်း များစွာလျှော့ချနိုင်မည်ဖြစ်ကာ နိုင်ငံတော်၏ ဘဏ္ဍာငွေများကိုလည်း ပိုမိုအကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ Dog Bite Center များကို ရန်ကုန်တိုင်းဒေသကြီးတွင်သာမက မန္တလေးတိုင်းဒေသကြီးတွင်ပါ အမြန်ဆုံး စတင်ဖွင့်လှစ်ရမည်ဖြစ်ပြီး အခြားလိုအပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ထပ်မံ၍ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ Dog Bite Center များတွင်လုပ်ငန်း ဆောင်ရွက်မှုများအပေါ် ဆန်းစစ်မှုများ စဉ်ဆက်မပြတ်ပြုလုပ်ကာ အားနည်းချက်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ Dog Bite Center များဖွင့်လှစ်သည့်အခါ ပြည်သူအများသိရှိ၍ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနိုင်ရန်အတွက် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများ စသည့်တို့မှ အသိပေးကြေညာရမည်ဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားသော ခွေးရူးပြန်ရောဂါ ကာကွယ်နှိမ်နင်းရေး လမ်းညွှန်စာအုပ်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၁၈) ခုနှစ်တွင် ထုတ်ဝေခဲ့သော WHO technical report series မှ WHO expert consultation on Rabies နှင့် ကိုက်ညီပြီး ခေတ်နှင့်အညီဖြစ်စေရန်အတွက် အမြန်ဆုံး မွမ်းမံထုတ်ဝေသွားရမည်ဖြစ်ပါကြောင်း၊ မှတ်တမ်းများ၊ စာရင်းဇယားများကိုလည်း ခေတ်မီ ကွန်ပျူတာစနစ်ကို အသုံးပြု၍ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ Dog Bite Center များ အမြန်ဆုံးဖွင့်လှစ်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

(သတင်းစဉ်)