မြန်မာနိုင်ငံတွင် ကြွင်းကျန်ရစ်သေးသော ဒြပ်ရှိယဉ်ကျေးမှု သံသွန်းရုပ်အနုလက်ရာများ

၁  ဒီဇင်ဘာ

 

လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဆိုသည်မှာထိုလူမျိုးတို့ မွေးဖွားချိန်မှ သေဆုံးချိန်ထိပြုလုပ်သုံးစွဲခဲ့သော ပစ္စည်း မှန်သမျှ၊ ထိုသူ၏ဝတ်စားဆင်ယင်မှု၊ ယုံကြည်ကိုးကွယ်မှု၊ပြောဆိုသော ဘာသာစကား၊ ရိုးရာဓလေ့ထုံးစံများ၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ လက်မှုအနုပညာနှင့် အနုသုခုမပညာတို့ ပေါင်းခြုံထားခြင်းပင် ဖြစ်ပေသည်။

 

နှစ်မျိုးခွဲခြားထား

 

အမျိုးအစားအားဖြင့် ဒြပ်ရှိယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုဟူ၍ နှစ်မျိုးခွဲခြားထားသည်။ ဒြပ်မဲ့ယဉ်ကျေးမှုတွင် နာမ်သဘောသဘာဝ၀င်များဖြစ်သော လူသားတို့ပြောဆိုသည့် ဘာသာ စကား၊ အတွေးအခေါ်၊ဓလေ့စရိုက်၊ ယုံကြည် ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ ပါဝင်ပေသည်။

 

UNESCO က ယဉ်ကျေးမှုအမွေအနှစ်ဟူသည်မှာ အဆောက်အအုံများ၊ ပြတိုက်များတွင် စုဆောင်းထားရှိသော ရုပ်ဝတ္ထုပစ္စည်းများ စသည်တို့သာမကဘဲ လူသားတို့၏ ဘိုးဘေးဘီဘင်အစဉ်အဆက်မှ လက်ဆင့်ကမ်းလာခဲ့ကြသည့် ပါးစပ်ရာဇဝင်နှင့် ဖော်ပြချက်များ၊ဘာသာစကားများ၊ ဖျော်ဖြေတင်ဆက်မှုအနုပညာများ၊ လူမှုရေးအစဉ်အလာ အလေ့အထများ၊ ရိုးရာဓလေ့များနှင့် ပွဲတော်များ၊   သဘာဝနှင့် စကြဝဠာဆိုင်ရာ ဗဟုသုတနှင့်ရိုးရာအစဉ်အလာ အလေ့အထများ၊ ရိုးရာလက်မှုပညာရပ်များပါဝင်ကြောင်း သတ်မှတ်ထားပေသည်။

 

အလွန်အရေးကြီး

 

ကမ္ဘာ့နိုင်ငံအသီးသီးက မိမိတို့၏ယဉ်ကျေးမှုများအား ထိန်းသိမ်းရာတွင် ဒြပ်မဲ့ယဉ်ကျေးမှုများကို အရေးကြီးသကဲ့သို့ ဒြပ်ရှိယဉ်ကျေးမှုကိုလည်း အခန်းကဏ္ဍတစ်ခုအဖြစ်ထိန်းသိမ်းလျက်ရှိသည်။ ထို့ကြောင့်လည်းကျွန်တော်တို့ မြန်မာနိုင်ငံရှိ မြန်မာလူမျိုးများအတွက်လည်း ဒြပ်ရှိယဉ်ကျေးမှုများ ပေါများသည့်အတွက် ထိန်းသိမ်းနိုင်ကြရန် အလွန်အရေးကြီးပေသည်။ မြန်မာနိုင်ငံသည် ကျောက်၊ ကြေး၊ သံစသည့် ခေတ်အစဉ်အဆက်အလိုက် ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ကမ္ဘာ့အလယ်တွင်တည်ရှိ ထွန်းကားခဲ့သော နိုင်ငံဖြစ်ပေသည်။

 

ထိုခေတ်ကာလများတွင် ထွန်းကားခဲ့သောယဉ်ကျေးမှုများသည် မြန်မာနိုင်ငံ၏ အရေးပါသော ယဉ်ကျေးမှုဖြစ်စဉ်များကို ဖွင့်လှစ်ပြသလျက်ရှိသည်။ ထိုခေတ် အစဉ်အဆက်များထဲတွင်မှ ကြေးခေတ်နှင့် သံခေတ်ကာလများတွင် ကြေးလက်နက်၊ သံလက်နက်များကို ပုံစံခွက်များဖြင့် လိုအပ်သော ပုံသွန်းလုပ်ခဲ့ကြသည်။ ရှေးယခင်က မြန်မာတို့သည် သံကိုလည်း သွန်းလုပ်နိုင်ခဲ့ကြပေသည်။ သံသွန်းလုပ်ခဲ့မှုကို မြန်မာနိုင်ငံတွင် အနည်းငယ်သာတွေ့ရှိရပေသည်။ကြေးသွန်းလုပ်မှုသည် လွယ်ကူချောမွေ့စေသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။

 

သံမှာမူ ကြေးသွန်းလောင်းမှုထက်ပင်ပိုမို၍ခက်ခဲပေသည်။ သံသွန်းလောင်းရန်အတွက် ခက်ခဲမှုများစွာ ရှိနိုင်ပေသည်။ ထို့ကြောင့် ယခုအခါတွင် သံသွန်းလောင်းမှုမှာများစွာမကျန်ရှိတော့ဘဲ ကြေးသွန်းလောင်းမှုများသာ ထင်ရှားစွာ ကျန်ရှိနေပါတော့သည်။ကြေးခေတ်နှောင်းပိုင်းတွင်မှ သံခေတ်ထွန်းကားလာခဲ့သည်။ ယင်းသံခေတ်သည် တဖြည်းဖြည်း တိုးတက်ထွန်းကား လာခဲ့ရာယနေ့မျက်မှောက်ခေတ်ကာလတွင် လုပ်ငန်းပေါင်းများစွာကို အမည်အမျိုးမျိုးပေး၍ လုပ်ကိုင်ဆောင်ရွက်ကြသည့် လုပ်ငန်းကိုပင်ပန်းပဲပညာဟူသော အနုပညာလုပ်ငန်းတစ်ခုအဖြစ် အသိအမှတ်ပြုလာကြသည်။ သံသတ္တုပစ္စည်းများကို အရည်ကျိုပုံသွင်း၊ ပုံလောင်း၊ပုံဖော်ခြင်းလုပ်ငန်းများမှာ မရှိသလောက်အောင်ပင် နည်းပါးနေပြီ ဖြစ်သည်။

 

ရုပ်လုံး၊ ရုပ်တုများကို အရည်ကျိုပုံသွင်း၊ ပုံလောင်းသော အတတ်ပညာတွင်သံသတ္တုကို အသုံးပြုမှုနည်းပါးပြီး ကြေးသတ္တုကိုသာ အများအပြား အသုံးပြုလုပ်ကိုင်နေကြသည်။ သို့ဖြစ်၍ ထိုလုပ်ငန်းကို ကြေးသွန်းပညာ၊ ပန်းတဉ်းပညာဟူ၍သာ ခေါ်ဝေါ်လျက်ရှိကြသည်။ ယခုအချိန်တွင် အရည်ကျိုပန်းပဲဟူသော အခေါ်အဝေါ်ကိုပင် သိရှိသူနည်းပါးနေပြီဟု ယူဆမိသည်။ ပန်းပဲပညာရပ်ဟူသော ပန်းပဲလုပ်ငန်းတို့သည် ကွယ်ပျောက်လုနည်းပါး ဖြစ်နေပြီဖြစ်သည်။ ယခုအခါတွင်ပန်းပဲလုပ်ငန်းများကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၊ မြစ်ဝကျွန်းပေါ်ရှ ိကျေးရွာများ၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိအင်းလေးဒေသ စသောပန်းပဲလုပ်ငန်းလုပ်ကိုင်ရာ အရပ်များတွင် တွေ့မြင်နိုင် ပေသည်။

 

သံနှင့်ပတ်သက်၍ သမန္တစက္ခုဒီပနီကျမ်းတွင် သံအမျိုးအစားများကို ဖော်ပြထားသည်ကိုတွေ့ရှိနိုင်ပေသည်။ သမ္မောဟ ဝိသောဒနီအဋ္ဌကထာ၌လာသော သံအမျိုးအစားများမှာကာဠလောဟ=သံမည်း၊ ထိုမှ တစ်ပါး ဇာတိလောဟ= သံဇတ်၊ ဝိဇာတိလောဟ= ထယ်သံ၊ကိတ္တိမလောဟ= ကြေးဖြူ အစရှိသည်နှင့်ရော၍ပြုသော ကံ၊ ဝိဿာစလောဟ=သံချည်ဟူ၍ လောဟမျိုး လေးပါး။ အယောသံတွင် သဇ္ဈူ= ငွေ၊ သုဝဏ္ဏ= ရွှေ၊ တိပု= သလွဲစင်၊သီသံ= သလွဲမည်း၊ တမ္ဗလောဟ= ကြေးနီ၊ဝေကန္တလောဟ= သံမဏိဟူ၍ ဇဝတိလောဟမျိုး ခုနစ်ပါး။ နာဂနာသိ လောဟ၊ ထည်မည်သောသံ။ ဝိဇာတိလောဟမျိုးတစ်ပါး။လောဟရက္ခက= သံကြောင့်၊ ပုဓုက= သြွံကပ်၊မလီနက= သံမှတ်။ စပလက= သွပ်မည်သောသံ၊ သေလက= သံကျောက်မျိုး၊ အာဋလ=သံလိုက်၊ အလ္လက= သံခဲ၊ ဒုသိလောဟ=သံချည်ဟူ၍ ပိဿာစလောဟမျိုးရှစ်ပါးစသည်တို့ဖြစ်သည်။ ထိုသို့ သံကိုခွဲခြားသိမှတ်လာကြသည်မှာ သံအမျိုးပေါင်း ၁၆၇မျိုးရှိကြောင်း ဖော်ပြခဲ့ကြပေသည်။

 

သိပ္ပံပညာနည်းစနစ်အရ သံသတ္တုစစ်သည် ဘော်ငွေရောင်ထွက်နေသော သေးငယ်သည့် နန်းကြိုးလေးများဖြစ်လာသည်အထိ နန်းဆွဲနိုင်သည်။ ပြားအောင်လည်းထုရိုက်နိုင်သည်။ သံများ သံချေးတက်ခြင်းသည် သံနှင့်အောက်ဆီဂျင်ဓာတ်ငွေ့တို့ ပေါင်းစပ်သွားခြင်းဖြစ်သည်။ သံကို ကာဗွန်ဓာတ်အနည်းငယ် ရောစပ်ပေးပါက သံမဏိဖြစ်လာသည်။

 

ကာဗွန်ဓာတ်ရာခိုင်နှုန်းအလိုက် မာကျောမှုတိုးတက်လာသည်။ ကာဗွန်ဓာတ် ဒသမ ၄ပါဝင်သော သံမဏိသည် သံစစ်စစ်ထက်နှစ်ဆမျှ မာကျောသည်။ ကာဗွန်ဓာတ်တစ်ရာခိုင်နှုန်းပါသော သံမဏိသည် သံစစ်စစ်ထက် သုံးဆခန့်မာကျောသည်။ သံသည်ဆီလီကွန်၊ အောက်ဆီဂျင်၊ အလူမီနီယမ်မှလွဲလျှင် ကမ္ဘာပေါ်တွင် အတွေ့ရအများဆုံး ဒြပ်စင်ဖြစ်သည်။ ကမ္ဘာကြီး၏ အပုံ ၂၀ တွင်တစ်ပုံခန့်မှာ သံဖြစ်သည်ဟု ဆိုသည်။

 

ယခုသုံးစွဲနေသော သံဟုဆိုသောသတ္တုမှာ သံအစစ်မဟုတ်ချေ။ သံအစစ်မှာစိန်ထက်ပင်ရှားပေသည်။ သဘာဝသယံဇာတအဖြစ် တွေ့ရခဲသည်။ သံအစစ်သည် ငွေကဲ့သို့အဖြူရောင်ရှိသည်။ အညစ်အကြေးကင်းစင်သောသံသည် လူတို့တွင် အသုံးအဆောင်ပြုလုပ်ရန် အသုံးမဝင်ချေ။ သံသန့်သန့်ကိုသယံဇာတအဖြစ် မတွေ့ရခြင်းမှာလည်းသံသည် အခြားဒြပ်စင်များနှင့် အလွယ်တကူပေါင်းစပ်နိုင်သောကြောင့် ဖြစ်သည်။ သံသတ္တုရိုင်းကို အရည်ကျိုလိုက်ပါက သံကိုရရှိသည်။ ထိုသံကို သွန်းသံဟုခေါ်သည်။ ၎င်းသည်သံမဏိကဲ့သို့ မာကျောခြင်း မရှိချေ။အနောက်တိုင်း သိပ္ပံပညာရှင်တို့သည် သံကိုအမျိုးမျိုးအဖုံဖုံနည်းမျိုးစုံဖြင့် အရည်ကျိုပေးခြင်းအားဖြင့် သံကို မာကျောစေခြင်း၊ ပျော့ပျောင်းစေခြင်း၊ ကြွပ်ဆတ်စေခြင်းစသော သတ္တိတို့ကို ပြုပြင်နိုင်ကြသည်။

 

ထို့ကြောင့် မိမိတို့အသုံးပြုမည့် ပစ္စည်းအမျိုးအစားနှင့် သင့်တော်သောသတ္တိကို ရရှိအောင်ပြုပြင်ပြီး အသုံးပြုကြသည်။ သံကိုအရည်ကျို ပုံသွန်းလောင်းသည့်ပန်းပဲအတတ်ပညာကို ယခုအခါတွင် ညွှန်ပြရန်ပင် ခက်ခဲလျက်ရှိနေသည်။ သံကိုအရည်ကျိုပြီး ပုံသွန်းလောင်းထုတ်လုပ်နေသော စက်ရုံ၊ အလုပ်ရုံများမှာ လွန်စွာ ပေါများလှသည်။ ထိုသို့ သံကိုပုံသွန်းလောင်းထုတ်လုပ်နေသော စက်ရုံ၊ အလုပ်ရုံများကို ပန်းပဲလုပ်ငန်းဟူ၍ ခေါ်ဆိုကြခြင်းမပြုကြပေ။

 

သံကိုအရည်ကျိုပြီး အရုပ်သွန်းလုပ်ခဲ့သောပန်းပဲဆရာကြီးများ၏ လက်ရာကိုမူ ရန်ကုန်မြို့ စမ်းချောင်းရပ် ကိုးထပ်ကြီးဘုရားနှင့်မန္တလေးတောင်တို့တွင်သာ ထင်ထင်ရှားရှားညွှန်ပြရန်ကျန်ရှိနေပါသည်။ ရန်ကုန်မြို့ရှိ ကိုးထပ်ကြီးဘုရား၏ တန်ဆောင်းကြီးရှေ့ အပြင်ဘက် စောင်းတန်းထိပ်တွင် ဝဲဘက်၊ ယာဘက် နှစ်ဖက်တို့၌ မြွေရုပ်နှင့် ဖားရုပ်ကြီး နှစ်ရုပ်ကို တွေ့မြင်နိုင်သည်။ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ်ရှိ ရွှေနတ်တောင်စေတီတော်ကြီး၏ တောင်ဘက်မုခ်ပေါက်ဝ အတက်ဘယ်၊ ညာတွင်လည်း ကိုလိုနီခေတ် သံသွန်းရုပ်ဖြစ်သော မြွေနှင့်ဖားတစ်ကောင်စီ ကိုလည်းတွေ့မြင်နိုင်သည်။

 

မန္တလေးတိုင်းဒေသကြီး မန္တလေးတောင်ပေါ်တွင် ရှေးခေတ်သံသွန်း ပညာရှင်ကြီးများ၏ လက်ရာဖြစ်သော မြွေကြီးနှစ်ကောင်သံသွန်းရုပ်ကြီးများကို ယခုတိုင် မြင်တွေ့နိုင်ဆဲဖြစ်ပေသည်။ ထိုမြွေကြီးနှစ်ကောင်နှင့် ပတ်သက်၍လည်း “စခန်းမဝေးတဲ့ မန္တလေးတောင် အခြေကြီးတဲ့ မြွေကြီးနှစ်ကောင် သွားလို့ ကြည့်ရအောင်တဲ့”  စသည်ဖြင့် ရှေးအခါကသီဆိုထားသူတစ်ဦး၏ သီချင်းတွင် ပါဝင်ဖော်ပြထားပေသည်။

 

ထို့ပြင် မန္တလေးတောင်ပေါ်ရှိ စေတီတော်၏ အရှေ့ဘက်တွင် မြတ်စွာဘုရားကို အာရုံပြု၍ ဘုရားဖူးသော လပြည့်ဝန်းနှင့်တူသူဟုအဓိပ္ပာယ်ရှိသည့် စန္ဒမုခိဘီလူးမ သံသွန်းရုပ်ကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ ထိုစန္ဒမုခိဘီလူးမ သံသွန်းရုပ်ကိုကြည့်ခြင်းအားဖြင့်သံသွန်းပညာရပ် မည်မျှကောင်းမွန်ကြောင်းကိုလေ့လာတွေ့ရှိနိုင်ပေသည်။ စေတီတော်၏ အရှေ့တောင်ထောင့်တွင် “ငတောင်ကြီးဘီလူးရုပ်နှင့် နောက်ပါ ဘီလူးရုပ်ငယ် ၂၅ ရုပ်”စေတီတော်၏ အနောက်တောင်ထောင့်တွင် “ငတောင်သမန်” ဘီလူးနှင့် နောက်ပါဘီလူးရုပ်ငယ် ၂၅ ရုပ်၊ အနောက်မြောက်ထောင့်တွင် “ငတောင်မြင့်” ဘီလူးရုပ်နှင့် ဘီလူးရုပ်ငယ် ၂၅ ရုပ်၊ အရှေ့မြောက်ထောင့်တွင် “ငတောင်ပြုံး” ဘီလူးရုပ်နှင့် နောက်ပါဘီလူးရုပ်ငယ် ၂၅ ရုပ်တို့သည် စေတီတော်၏ထောင့်လေးထောင့်မှနေ၍ ဘုရားဖူးမြော်ကြည်ညိုနေကြပုံတို့ကို ပုံဖော်သွန်းလုပ်ထားခြင်းဖြစ်သည်။

 

မန္တလေးတောင်တော်ပေါ်တွင် ထိုသံသွန်းရုပ်တုများသာမက အခြားသော သံသွန်းရုပ်များကို တောင်ဘက်မျက်နှာမှနေ၍ ဘုရားကြည်ညိုနေသော ရဟန္တာတစ်ပါးဘုရားဖူးနေသောပုံတော်၊ စေတီတော်၏ အနောက်အရပ်မှနေ၍ ဘုရားဖူးနေသော သံသွန်းရုပ်တုမှာ ကျန်စစ်သားဖြစ်ပြီး လှံတံကိုဘေးတွင်ချထားသည်ကိုလည်း တွေ့နိုင်ပါသည်။ မြောက်ဘက်အရပ်တွင်မူ လွယ်အိတ်ကိုဘေးတွင်ချထားပြီး ဘုရားဖူးနေသောမုဆိုးကြီးနှင့် ခွေးနှစ်ကောင်တို့သည် လက်ရာကောင်းလှသော သံသွန်းရုပ်များသာဖြစ်သည်။

 

သံသွန်းရုပ်၏ သက်တမ်းကို လေ့လာကြည့်လျှင် ရန်ကုန်မြို့ ကိုးထပ်ကြီးဘုရားကိုအလှူ့ဒါယကာ မြေပိုင်ရှင်သူဌေးကြီး ဦးကြင်နှင့် ဇနီးဒေါ်ငွေဇံတို့သည် ၁၉၀၅ ခုနှစ်သြဂုတ်လ ၉ ရက်နေ့တွင် ကိုးထပ်ကြီးဘုရားကိုစတင်တည်ဆောက်ပြီး ၁၉၁၀ ပြည့်နှစ်ရောက်မှတည်ဆောက်ပြီးစီးသည်ဟု သိရသည်။

 

ထို့ကြောင့် ဘုရားကြီးတည်ဆောက်ပြီးမှ မြွေရုပ်၊ ဖားရုပ်များကို သွန်းလုပ်သည်ဟုခန့်မှန်းရသည်။ ထို့ကြောင့် ယင်းသံသွန်းရုပ်ကြီးများသည် နှစ်ပေါင်း တစ်ရာခန့်ကြာရှည်နေပြီဟု ယူဆရပါသည်။ မန္တလေးတောင်ပေါ်တွင်လည်း ြွေမကြီးနှစ်ကောင်၏သံသွန်းရုပ်ကို ရသေ့ကြီးဦးခန္တီက သွန်းလုပ်စေပြီး တောင်ပေါ်တွင်ထားခြင်းဖြစ်သည်ဟု လူထုဒေါ်အမာ၏ ဆောင်းပါးတွင် ဖော်ပြထားပါသည်။

 

ယခုအချိန်အခါတွင် သံရည်ကျို၍ပုံသွင်းသော ပန်းပဲပညာဟူ၍မရှိအောင်ပင်ရှားပါးလျက်ရှိနေပါသည်။ သံကို အရည်ကျို၍ အရုပ်များကို သွန်းလောင်းခြင်းမရှိတော့ဘဲကြေးကိုအရည်ကျို၍ ဘုရားပုံတော်နှင့်အခြားသော ပစ္စည်းအမျိုးမျိုးကို သွန်းလောင်းသောပန်းတဉ်းပညာရှင်များကိုသာ လူသိများလျက်ရှိနေပြီဖြစ်သည်။ ထိုကဲ့သို့ မြန်မာသံသွန်းရုပ်ပညာရပ်သည် ကမ္ဘာတွင် ထူးခြားထင်ရှားသော လက်ရာတစ်ခုအနေဖြင့် ရှေးခေတ်မြန်မာသံသွန်းပညာရှင်ကြီးများ၏ လက်ရာကိုမြတ်နိုးတန်ဖိုးထား ထိန်းသိမ်းနိုင်ကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်တည်ရှိဆဲဖြစ်သော ဒြပ်ရှိယဉ်ကျေးမှုများကိုလည်း အလေးထားဂရုပြုရမည်ဖြစ်သည့်အတွက် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို မြတ်နိုးတန်ဖိုးထားတတ်ကြရန် လိုအပ်လှပါတော့သည်။

 

မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

 

ကိုးကား

 

-မြန်မာ့ပန်းပဲ- မှတ်ကျောက်