မြန်မာနိုင်ငံတွင် ယာယီမြေငလျင်တိုင်းတာစက် အလုံး ၃၀ တပ်ဆင်မည်

မန္တလေး ၁၅ ဇန်နဝါရီ 


ဂျာမနီနိုင်ငံအခြေစိုက် GFZ အဖွဲ့နှင့် ပူးပေါင်း၍ ဇန်န ဝါရီလ တတိယပတ်အတွင်း မြန်မာနိုင်ငံတွင် ယာယီမြေငလျင်တိုင်းစက် အလုံး၃၀ တပ်ဆင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) မှ သိရသည်။


ယာယီမြေငလျင်တိုင်းစက် အလုံး ၃၀ ကို ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အနောက်မြောက်အထက်ပိုင်း နေရာများတွင် တပ်ဆင်သွားမည်ဖြစ်ပြီး မြေငလျင်တိုင်းစက်များမှ ရရှိလာသည့်ဒေတာအချက်အလက် များကို စုဆောင်း၍ မြေငလျင် သုတေသန လုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။


"ဂျာမနီကအဖွဲ့နဲ့ လာမယ့်တစ်ပတ်အတွင်း အလုံး ၃၀ တပ်ဆင်မယ်။အခုက ယာယီမြေငလျင် တိုင်းစက်တပ်တာဆိုတော့ MoU လက်မှတ် ထိုးထားတဲ့ ကာလတစ်ခုထိပဲလုပ်မှာ စီမံကိန်းကာလပြီးရင် ပြန်ဖြုတ်သွားမှာပေါ့။ အဖွဲ့အစည်းတွေက တစ်ခုနဲ့တစ်ခုတော့ မတူဘူးပေါ့။ အကြမ်းဖျင်းအားဖြင့်တော့ ယာယီစက်တွေ တပ်ဆင်မယ့် သက်တမ်းက သုံးနှစ်လို့ ပြောလို့ရတယ်။ ယာယီစက်တွေ အားလုံးကတော့ ရလာတဲ့ ဒေတာအချက်အလက် အားလုံးကို မြေငလျင်သုတေသနတွေမှာ အသုံးပြုမှာပါ" ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) မြေငလျင်ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောသည်။


မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က စင်ကာပူနိုင်ငံ မြေကမ္ဘာလေ့လာရေး အဖွဲ့နှင့်ပူးပေါင်း၍ ယာယီမြေ ငလျင်တိုင်းစက်အလုံး ၃၀ တပ်ဆင်ခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း အမေရိကန်နိုင်ငံ မစ်ဇူရီ တက္ကသိုလ်နှင့် ပူးပေါင်း၍ ယာယီ မြေငလျင်တိုင်းစက် ၃၁ လုံး ထပ်မံ တပ်ဆင်ခဲ့သည်။


ယခုနှစ် ဇန်နဝါရီ လတွင်လည်း ဂျာမနီနိုင်ငံ GFZ အဖွဲ့၏ပံ့ပိုးမှုဖြင့် မြေငလျင်တိုင်းစက် အလုံး ၃၀ ထပ်မံတပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။


သူရိန်လင်း