မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၉

 

မြန်မာ နိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များ၊ ဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စီးပွားရေးလုပ်ငန်းများအကြား မျှတသည့်ယှဉ်ပြိုင်မှုဖြစ်စေရေး၊ ဈေးကွက် ထိန်းချုပ်ခြင်းများမရှိစေရေး၊ အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ် နိုင်ရေး၊ ဈေးကွက်အတွင်း ကောင်းမွန်သည့်ယှဉ်ပြိုင်မှုများကိုအားပေးပြီး စီးပွား ရေးလုပ်ငန်းလုပ်ကိုင် သူအားလုံး တစ်ပြေးညီတိုးတက်လာစေရေးနှင့် သာတူညီမျှ ခံစားခွင့်ရရှိစေရေးအတွက် ယှဉ်ပြိုင်မှု ဥပဒေကို ပြဋ္ဌာန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေပြဋ္ဌာန်းထားပြီး ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခြင်းများအပေါ် ကဏ္ဍအလိုက် ဦးစားပေးအစီအစဉ်များဖြင့် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေး အစီအစဉ်များတွင် Website များမှတစ်ဆင့် အသိပညာပေးခြင်းလည်း ပါဝင်သည့်အတွက် ယှဉ်ပြိုင်မှု ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ရယူနိုင်ရေး၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားမှုများကို လက်ခံရယူနိုင်သည့် ပလက် ဖောင်းတစ်ခု အဖြစ် ဖန်တီးနိုင်ရေး၊ အာဆီယံဒေသတွင်းနှင့် မိတ်ဖက်နိုင်ငံ၊ အဖွဲ့အစည်းများ၏ ယှဉ်ပြိုင်မှုဆိုင်ရာ  Website များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး တို့အတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် Website ကို ရေးဆွဲအကောင် အထည်ဖော်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

(သတင်းစဉ်)