ရန်ကုန် ဩဂုတ် ၂၂

 

မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) နှင့် ဆင်ဟွာသတင်းဌာနတို့၏ တောင်ကမ္ဘာခြမ်း ပူးတွဲဆက်သွယ်ဆောင်ရွက်မှု မိတ်ဖက်အစီအစဉ် ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားတွင် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုက အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ယခုပူးပေါင်းဆောင်ရွက်မှုမှ ပြည်သူအချင်းချင်း ဆက်ဆံရေးခိုင်မာစေရန် ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ ဆက်သွယ်မှုကို ပေါင်းကူးအဖြစ် အသုံးပြုပြီး လူ့အဖွဲ့အစည်းများအကြား နားလည်မှုကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်မှုကို အားပေးမြှင့်တင်ပြီး ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝရေးနှင့် ရေရှည်တည့်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်လင့်ချက်များ အတူတကွ မွေးမြူနိုင်ရန် လုပ်ဆောင်နိုင်ကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။ 

ထို့နောက် ဆင်ဟွာသတင်းဌာန ရန်ကုန်ဗျူရိုအကြီးအကဲ Mr. Zhang Dongqiang က အမှာစကားပြောကြားသည်။ 

ထို့နောက် တောင်ကမ္ဘာခြမ်း ပူးတွဲဆက်သွယ်ဆောင်ရွက်မှု မိတ်ဖက်အစီအစဉ် ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆင်ဟွာသတင်းဌာန ရန်ကုန်ဗျူရိုအကြီးအကဲတို့က မိတ်ဖက်အစီအစဉ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။

 

 

အခမ်းအနားသို့ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဆင်ဟွာသတင်းဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး တောင်ကမ္ဘာခြမ်းမှာရှိသည့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများသာမက မြန်မာနိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ဆောင်ရွက်သွားနိုင်ရန် ဟူသည့် ရည်ရွယ်ချက်ကောင်းဖြင့် အဆိုပါမိတ်ဖက်အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

နိုင်လင်းအောင်(ပြန်/ဆက်)