ဘားအံ ၁ ဧပြီ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များနှင့်အတူ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ သက်ဆိုင်ရာကော်မတီဝင်ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ယနေ့ မွန်းလွဲ ၂ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေး၊ ဗဟိုမဏ္ဍပ် ဆောက်လုပ်ရေး၊ ဖိတ်ကြားကြိုဆိုရေး၊ မဟာသင်္ကြန်ယိမ်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးနိုင်ရေး၊ အသံစိစစ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေး၊ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရေးကော်မတီများက အသီးသီးဆောင်ရွက်သွားမည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများ ကော်မတီများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက အသေးစိပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘားအံမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာတစ်ခုအနေဖြင့် ၁၃၈၀-ခုနှစ်၊ တခူးလ (၉)ရက်နေ့၊ ဧပြီလ (၁၃)ရက်နေ့မှ စတင်ကာ မဟာသင်္ကြန်ပွဲတော်ကို(၄)ရက်တိုင် စည်းကားသိုက်မြို့စွာကျင်းပသွား မည်ဖြစ်ရာ ယခုနှစ် ဘားအံသင်္ကြန်ကာလအတွင်း ပျော်ရွင်စွာရေပတ်ကစားနိုင်ရေးအတွက် ဘားအံမြို့ကမ်းနားလမ်း တလျှောက်နှင့် မြို့ပေါ် ရပ်ကွက်များတွင် ဗဟိုမဏ္ဍပ်၊ ပွဲကြည့်စင်ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များကို ဆောက်လုပ်ခွင့်ကို မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ ခွင့်ပြုသွားမှာဖြစ်ပြီး ဗဟိုမဏ္ဍပ်တွင် အဆို၊ အက၊ အရေး စသည့်ကိုယ်ပိုင် သံစဉ်ကို ဆိုင်းဝိုင်းဖြင့်ယှဉ်ပြိုင်မည့် ယိမ်းအဖွဲ့(၆)ဖွဲ့၊သင်္ကြန်သီချင်းဖွင့် ယှဉ်ပြိုင်မည့်ယိမ်းအဖွဲ့(၈)ဖွဲ့ စုစုပေါင်း ယိမ်းအဖွဲ့(၁၄)ဖွဲ့သည် ဧပြီးလ(၁၄)ရက်နေ့နှင့်ဧပြီလ(၁၅)ရက်နေ့ညပိုင်တွင် ယှဉ်ပြိုင်ကြပြီး ဧပြီလ(၁၆)ရက်နေ့ညပိုင်းတွင် ဆုများချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း ဖျော်ဖြေရေး ယိမ်းအဖွဲ့ဖြင့်လည်း နေ့ခင်းပိုင်းနှင့် ညပိုင်းပြိုင်ပွဲမတိုင်ခင်၊ ပြိုင်ပွဲကြားဖြတ်ကာ ဖျော်ဖြေရေး အစီအစဉ်များပါ စီစဉ်ထားကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


