နေပြည်တော်  ၁၆  ဧပြီ

      

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန် အတက်နေ့ဖြစ်သော ယနေနံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မိသားစု ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို နေပြည်တော် ဇေယျာသီရိဂေါက်ကွင်းရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။

      

အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြပြီး ရေကစားမဏ္ဍပ်တွင် အမျိုးသမီးအရာရှိ ယိမ်းအကအဖွဲ့၊ အမျိုးသမီးစစ်သည် ယိမ်းအကအဖွဲ့အပါအဝင် မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၊ အမျိုးသားအရာရှိ/စစ်သည် Dancer အဖွဲ့၊ အနုပညာရှင်များနှင့် တေးသံရှင်များ၏ ယိမ်းအကများ၊ တေးသီချင်းများဖြင့်ကပြ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

1

      

ထို့နောက် ပိတ်ပွဲအခမ်းအနားကျင်းပရာ အနုပညာရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြကာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းနှင့် အရာရှိကြီးများ၊ ဇနီးများက ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ယိမ်းအဖွဲ့များအား အတာရေများဖြင့် ပက်ဖျန်းပေးကြပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစု ရေကစားမဏ္ဍပ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။

 

1

 

ယနေ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတက်နေ့ဖြစ်သည်နှင့်အညီ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝန်းအတွင်းရှိ ရေကစားမဏ္ဍပ်၊ တပ်မတော်ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ်နှင့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ရှေ့ရှိ ရေကစားမဏ္ဍပ် အပါအဝင် အခြားရေကစား မဏ္ဍပ်များတွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် ပျော်ရွှင်စည်ကားစွာ ရေသဘင်ပွဲတော်ကို အောင်မြင်စွာ ဆင်နွှဲကြပြီး မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကြရာ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်္ကြန်ချစ်သူ ပြည်သူများက အတာရေသဘင်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)

 

1