မြစ်ကြီးနား ၁၃ ဧပြီ
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၊ မင်းရပ်ကွက်၊ ဇော်ဂျွန်းလမ်းတစ်လျှောက်နှင့် ပြည်သူ့ရင်ပြင်၊ ဧရာဦးပန်းခြံတို့အတွင်း၌ မြစ်ကြီးနားလမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယိမ်းအဖွဲ့များ၏ သင်္ကြန်တေးသီချင်းဖြင့် ကပြဖျော်ဖြေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီးဒေါက်တာ ဂျေကော့ဘူ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူဂျာနှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယိမ်းအဖွဲ့များနှင့် ပြည်သူများအား အတာရေဖြင့် လိုက်လံပက်ဖျန်းကြသည်။
ထို့နောက် လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ စတုဒိသာမဏ္ဍပ်များတွင် အစားအသောက်များဖြင့် ဧည့်ခံမှုလိုက်လံအားပေးကြပြီး ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ဒေသခံပြည်သူများနှင့်အတူ ရင်းရင်းနှီးနှီး ပျော်ရွှင်စွာ အားပေးဆင်နွှဲခဲ့ကြသည်။
အဆိုပါ မြစ်ကြီးနားလမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း သင်္ကြန်ရက်များ၌ တိုင်းရင်းသား ယဉ်ကျေးမှုအကအလှများ၊ ယိမ်းအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှု၊ ခေတ်ပေါ်တေးသီချင်း အစီအစဉ်များနှင့်အတူ ဌာနဆိုင်ရာများမှ စတုဒိသာကျွေးမွေးဧည့်ခံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)


